Tuesday, April 29, 2014

ကိုယ့်အတွက် အချစ်က ဘယ်တော့မှ ငြိမ်းမသွားမယ့် အလင်းရောင် …


ဝေးနေတော့မှ
အတွေးတွေက ပိုလှလာတယ်

တနယ်တကျေးဆိုတာလည်း ပညတ်ချက်တစ်ခုပေါ့

ချစ်တတ်တဲ့သူတွေ အတွက်တော့
အကွာအဝေးတိုင်းဟာ စိတ်တစ်ညို့စာလေးပါပဲ

ပေးခဲ့တဲ့ အနမ်းတွေ နွေးထွေးနေတုန်း
ပြုံးခဲ့တဲ့ နေ၀င်ချိန်တွေ တောက်ပနေတုန်း

ဒီတော့ နှလုံးသားနှစ်ခုဝေးရတဲ့ ခဏတာမှာ
နှုတ်ဆက်ခွဲခွာခြင်းကို ဘယ်တော့မှ မနာကျင်တတ်ခဲ့ဘူး

ရည်စူးထားတဲ့ အိပ်မက်ကလေးပိုတိကျဖို့
ကြည်နူးရမယ့် အချိတ်အဆက်တွေတော့လိုတယ်

မနက်ခင်းဆို နေခြည်ပျိုနဲ့ အတူတူ သတိရမယ် ..
ညခင်းဆို လရောင်ချိုနဲ့ ကြည်ဖြူ တမ်းတမယ်

ကဲ ဘယ်မှာလဲ အလွမ်းအဆွေးတွေ

ကမ်းဝေးနေလည်း တွေ့နေရဆဲပေါ့ ..
အချစ်က ဘယ်တော့မှ ငြိမ်းမသွားမယ့် အလင်းရောင်

တစ်ယောက်ထဲ ညအမှောင်တွေမှာ သူအမြဲရှိနေတတ်တဲ့နောက်
အထီးကျန်ခြင်းဟာ ကိုယ့်ကိုယ် တစ္ဆေလို မခြောက်နိုင်တော့ဘူး
.............................


စိုးသူရ
(29-4-2014)






Sunday, April 27, 2014

မနက်ဖြန်မှာ မိုးရွာစေချင်တယ်

မြေသင်းနံ့လေး မျှော်နေရတဲ့အကြောင်းပေါ့ …
မြက်ခင်းလေးတွေ ၀ါဖန့်ရခြင်းရဲ့ အကျိုးပေါ့ …

စိန်ပန်းနီနီလေးတွေကြောက်တဲ့ သတင်းဆိုးလား …
အဖြူအစိမ်းလေးတွေ စိတ်ဆိုးမယ့် သတင်းကောင်းလား …

အတ္တအစွယ်အတွေးတွေ မီးထမတောက်ဖို့လည်း လိုအပ်တယ် …
ဆူလောင်လွယ်တဲ့သွေးတွေ ငြိမ်းအေးစေဖို့လည်း လိုအပ်တယ် …

ဘယ်လိုဘယ်ပုံ စိုစွတ်စေမှာလဲ …
ဘယ်နေရာ ဘယ်ဒေသဆီ ငိုချလိုက်မလဲ …

ကိုယ်စီ ရင်ထဲက တိုးတိတ်တမ်းတနေရုံ …
ရည်တူ စိတ်ထဲက မှန်းဆတောင့်တနေရုံ …

ရင်ခုန်သံတွေ အရင်လိုစိမ်းလန်းစေဖို့ …
မနက်ဖြန်တွေ ပိုမိုအေးချမ်းစေဖို့ …

မျှော်တလင့်လင့်သူတို့ ရပ်ဝန်းထဲ …
မနှစ်ကလိုပဲ ကြဲပက်လိုက်စေချင်ရုံသက်သက် …

မနက်ဖြန်မှာ မိုးရွာစေချင်တယ် …
.........................

စိုးသူရ
(28-4-2014)

Sunday, April 20, 2014

ပင်းတယ


အဆင်းလှသလို
အချင်းလည်း သိပ်လှတဲ့ မြို့ကလေးပေါ့

ခေါင်းမော့ကြည့်လိုက်ရင်
ဒီလို စိမ်းညို့နေတဲ့ ညောင်ပင်အကြီးကြီးတွေပေါ့
ခရမ်းလွန်ရောင်ခြည်နဲ့ နိုင်ငံခြားဖြစ် ဖဲထီးတွေကို စိန်ခေါ်ခဲ့တယ်

မလှူတတ်ရင် ဈေးရောင်း ဆိုတဲ့ ဒီလိုချစ်စရာ့အတွေးပေါ့
တစ်ပွဲ ၂၀၀ တန် တို့ဟူးနွေးနဲ့
မိုးထိနေတဲ့ ကုန်ဈေးနှုန်းကို ရင်ဆိုင်အန်တုတယ် ...

ပြုသူအသစ် ဖြစ်သူအဟောင်း
စိတ်ဝင်စားဖွယ် သမိုင်းကြောင်း ဒဏ္ဍာရီ
စီကာစဉ်ကာ ဒီလိုအလှတရားပေါ့

ရှင်မိယာနဲ့ ကုမ္မာဘယတို့ထားခဲ့တဲ့ ချစ်ခြင်းမေတ္တာဟာ
ပုန်းတလုတ်ကန်ထဲမှာ ကြည်နူးဖွယ်ရာပြည့်လျှံနေဆဲ

ဂူ ဘုရား ကျောင်း ကန်
မြို့တစ်မြို့ရဲ့ ကြန်အင်လက္ခဏာအဖုံဖုံနဲ့ပေါ့
ဆေးရောင်စုံ နယ်ချဲ့မှုတွေကိုတော့ ကြံ့ကြံ့ခံရရှာတယ်

သူဟာ
တစ်ပတ်တစ်ခါ သောကြာနေ့တိုင်း ၀တ်မတက်ဘူး
တနင်္ဂနွေရက်ရောက်တိုင်း ကျေးဇူးတော်ကို မအောက်မေ့ဘူး
အနန္တောအနန္တငါးပါးကိုသာ အကြိမ်ကြိမ်ရည်စူးလို့
ကိုယ့်အတွက်ပါမယ့် တရားထူးကို နေ့စဉ်အာရုံပြုတယ်

ရာထူးဂုဏ်ဒြပ် မခြွဲ့ခား မသတ်မှတ်
အယုတ် အလတ် အမြတ်မရွေး
အသွေးအရောင် ဘာကိုမှမတွေးဘဲ
နွေဆို အေးပြီး ဆောင်းဆို နွေးထွေးစေတဲ့
ဒီလိုတောင်ပေါ်အိမ်ကလေးပေါ့

တိမ်တွေကိုတောင် ထိနမ်းတော့မတတ်
ကြီးမားမြင့်မြတ်တဲ့ ဒီလိုသဒ္ဒါတရားပေါ့
လေးစားလောက်စရာ ဧည့်ဝတ်ကျေပွန်မှုနဲ့
အဝေးကြီးကလာတဲ့ ခရီးသွားတွေကို ပျူငှာပြုစုတယ်

ဒါပေမယ့် သူဟာ
မပူဆာတတ်တဲ့ ကလေးတစ်ယောက်ပေါ့
ရွယ်တူတွေကြားထဲ အခုထိ လူလားမမြောက်သေးဘူး

တစ်မူးရှိလို့ တစ်ပဲလှူစိတ်ထားနဲ့
ပကာသနမဲ့တဲ့ဘ၀မှာ ဒီလိုနေသားတကျပေါ့
သူများနဲ့ယှဉ်ရင် ကိန်းဂဏန်းတွေမှာတော့ အနှုတ်လက္ခဏာပြလို့

ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၈၀၀ ကျော်မှာ
ဒီလို လေသံဝဲ၀ဲလေးတွေ ပျော်ရွှင်သာယာတဲ့ဒေသ
သူ့ရင်ခွင်ကို ခြေချမိရင် ပိုသိလိမ့်မပေါ့

သစ္စာတရားဟာ ခေါင်းမော့ကြည့်လေရာမှာ စိမ်းလန်းလို့
ငြိမ်းချမ်းခြင်းဟာ ရှုလေရာ တမျှော်တခေါ်မှာ လဲလျောင်းလို့

ကျွန်တော်တို့အားလုံးလိုက်ရှာနေတဲ့ အေးချမ်းမှုဟာ
သူ့ဆီမှာတော့ မွေးရာပါသင်္ကေတ

သူ့နာမည်ကို ဒီလို ဖွဖွလေးရွတ်လိုက်တာနဲ့
သူရဲ့ ရိုးသားမှုတွေပါ ခင်ဗျားဆီကူးစက်လာမယ်

တကယ်တော့
သူဟာ မြို့တစ်မြို့သက်သက်ဆိုတာထက်ကို
အများကြီးပိုနေခဲ့တာ တကယ်
……………………..

စိုးသူရ
(20-4-2014)

Friday, March 21, 2014

ရန်ကုန်မှာ-၂


လမ်းတွေ ပိုကျဉ်းလာတယ်
ခြေတွေ ပိုပိုရှုပ်လာလို့  

အမြင်တွေ ပိုကျယ်လာတယ်
လူရည် ပိုပိုလည်လာလို့

အကာတွေ ၀ယ်လိုအားပိုလိုက်လာတယ်
အနှစ်တွေ ရောင်းပန်းမလှတော့လို့

အတွေးစကားတွေ ပိုမှောင်မိုက်လာတယ်
အသွေးအသားတွေ ပိုလောင်မြိုက်လာလို့

မတူညီတာတွေ ပိုကွာခြားလာတယ်
မကူညီတာတွေ ပိုပိုများလာလို့

တစ်နပ်စားတွေ ပိုနပ်မှန်လာတယ်
မပြတ်သားတာတွေ ပိုဇာတ်ဆန်လာလို့

မနက်ဖြန်ဆိုတာတော့ေ၀၀ါးနေဆဲ
အစစ်အမှန်ဆိုတာလည်း ရွှေလိုရှားနေဆဲ

Soe Thu Ra
(21-3-2014)














Sunday, March 16, 2014

မော်လမြိုင်

အလွမ်းဟာ
သံလွင်ရေထဲမှာ တသွင်သွင်စီးလို့

တိတ်တခိုးအနမ်းဟာ
ကမ်းနားလမ်းတစ်လျှောက်မှာ ဖူးပွင့်လို့

နှုတ်ဆက်မျက်ရည်ဟာ
အဝေးပြေးကားဂိတ်ထဲမှာ ဟိုဟိုဒီဒီပြန့်ကျဲလို့

တွယ်ငြိနေဆဲ သူ့လက်ဖ၀ါးရဲ့အနွေးဓာတ်ဟာ
အတွေးထဲမှာတောင် နူးညံ့သက်ဝင်လို့

ကိုယ့်ကို  
အစာဝသွားတဲ့ ဇင်ယော်ငှက်လေးတွေလို
အဝေးကို ပျံပြေးသွားပြီလို့ သူထင်နေမှာလား

ကတိစကားတွေဟာ
စကားလုံးသက်သက်မဟုတ်ခဲ့ဘူးဆိုတာကို
သူ့ကို သိစေချင်လည်း

နီးနီးလေးနဲ့ပဲ
အဝေးကြီးဝေးနေရဆဲ ဒီလိုအဖြစ်

တို့နှစ်ယောက်ရဲ့
အချစ်ဆိုတဲ့နာမည်နဲ့ ကျွန်းကလေးပတ်လည်မှာ
မသေချာခြင်း ၀ဲဂယက်တွေသာ ရေတွက်လို့မဆုံး

ဒီလိုနဲ့ ချစ်သူ့ အပြုံးဟာ
နေညိုချိန်မှာ အလှပဆုံး တောက်ပခဲ့တဲ့ သီချင်းပေါ့
ကျန်တဲ့ ၃၆၄ ရက်စာ ကိုယ်ကမ္ဘာကို လင်းစေခဲ့တယ်
…………………..

စိုးသူရ
(16-3-2013)










Friday, March 7, 2014

အငွေ့လွမ်း


နှုတ်ခမ်းလေးတွေအေးနေမှာလား
ဒီလိုစဉ်းစားမိတဲ့အခါ
ငါ့အနမ်းတွေရဲ့ နွေးထွေးမှုကို သတိရစေချင်တယ်

မျက်လုံးလေးတွေဆွေးနေမှာလား
ဒီလိုတွေးမိတဲ့အခါ
ငါ့အကြည့်တွေရဲ့ ရယ်ရွှင်ရိပ်နဲ့အိပ်စက်စေချင်တယ်

ခံစားချက်တွေပွန်းရှကုန်ပြီလား
ဒီလိုသနားလိုက်မိတဲ့အခါ
ငါ့နှလုံးသားရဲ့ အေးမြမေတ္တာနဲ့ သက်သာရာရစေချင်တယ်

ငါ့အတွက် နင်ဟာ
ဘယ်ရော ညာရော ပေါင်းမှ
ရှေ့ကို ဆက်လို့ရတဲ့ အနာဂတ်ခြေလှမ်း

နင်ဟာ ငါ့အတွက်
မနိုးထတမ်း အမြဲမက်ချင်တဲ့
ရောင်စဉ်ခုနစ်သွယ်နဲ့ စိန်စီတဲ့အိပ်မက်

နင့်အတွက် ငါကတော့
အရောင်ခပ်ဖျော့ဖျော့ ကြယ်တစ်စင်းပေါ့
နင့်ဘေးနားက တောက်ပတဲ့အလင်းတွေကို
ငါဘယ်လိုမှ မယှဉ်နိုင်ခဲ့ဘူးလေ

အချစ်ဦးဆိုတာ အချစ်ဆုံးမဟုတ်ခဲ့ပေမယ့်
အချစ်ကို သိပ်မုန်းသွားတဲ့
အချစ်ရှုံးသမားတော့ဖြစ်ခဲ့တယ်

အချစ်က တနယ်တကျေးဆို
ငါက အဝေးရောက်လေညှင်းပေါ့
နင့်ကို အခုဆို အငွေ့အသက်လေးပဲ မှန်းမှန်းပြီးလွမ်းနေရတော့တယ်
……………….
စိုးသူရ
(7-3-2014)

Tuesday, February 18, 2014

ဆူးလေ


စံပယ်တွေလည်း စံပယ်တွေလိုမမွှေးမြ
ခိုတွေလည်း ခိုတွေလိုမညည်းကြ

ဆည်းလည်းသံ ချိုအေးအေးဟာ
ဘေးချင်းကပ်ရက်က ခေါင်းလောင်းထိုးသံကြားမှာ ပျောက်ကွယ်တိုးလျ.

ခေတ်အဆက်ဆက် အဖိနှိပ်ခံလူကူးမျဉ်းကျားဟာ
ဘုရားခြေတော်ရင်းမှာဝပ်တွားခယလို့

အကြိမ်ကြိမ်ချွတ်လို့မှ မကျွတ်နိုင်တဲ့ အပူတွေ
နွေရာသီဟာ ကတ္တရာလမ်းပေါ်မှာ တငွေ့ငွေ့ .
ရှာနေတဲ့တရားကိုလည်း ခုထိ ဘယ်မှာမှမတွေ့သေးဘူး .
……………………………


စိုးသူရ
(30-10-2013)





Thursday, February 13, 2014

အသံတိတ်ရုပ်ရှင်

သင်ငေးကြည့်ရာအရပ်သည်
ပြတင်းပေါက်တစ်ခုဖြစ်ပါစေ
ပိတ်ကားတစ်ခုဖြစ်လျှင်
သင့်ကို ရုပ်ရှင်ပြပေလိမ့် …”
(၀င်းမြင့်)

အခုတလော အခန်းနောက်ဘက်ရှိ ပြတင်းပေါက်မှတဆင့် တစ်စုံတစ်ခုကို ငေးကြည့်ရတာ အရသာတွေ့နေသည်။ မနေ့ကတော့ ခြံထောင့်က သီဟိုဠ်ပင်လေးကို ငေးကြည့်ရင်း ကဗျာတစ်ပုဒ်စပ်ဖြစ်ခဲ့သည်။ တစ်ခါတလေကျတော့ သစ်ပင်တွေသည် အလွန်ပဟေဠိဆန်ပါသည်။ ကြည့်ဖူးသော ကိုရီးယားဇာတ်လမ်းတွဲတစ်ခုမှာတော့ သရုပ်ဆောင်တစ်ယောက်က သူသေလျှင် သစ်ပင်ဖြစ်ချင်သည်ဟု ပြောခဲ့တာကို အမှတ်ရမိသည်။ ကိုရီးယားကားတွေလည်း မကြည့်ဖြစ်တာကြာပြီပဲ။
တက္ကသိုလ်တက်တုန်းက ရည်းစားဟောင်းတစ်ယောက်ကတော့ ပြင်းပြင်းထန်ထန်စွပ်စွဲဖူးသည်။ ရှင်ဟာ အရာရာကို ငြီးငွေ့တာသိပ်မြန်ဆန်တာပဲ ရှင့်ဘ၀ကိုရော ရှင်မငြီးငွေ့ဘူးလား …” တဲ့။
ခန်းဆီးတစ်ခုတလေမှ တပ်မထားသော အိပ်ခန်းထဲက ပြတင်းပေါက်နှစ်ခုကို တစ်လလုံးနေမှ တစ်ခါမဖွင့်ဖြစ်သော ကာလများဆီက ဘာတွေလုပ်နေခဲ့သလဲဟု ပြန်တွေးကြည့်မိသည်။ ငွေစက္ကူတစ်ရွက်နှင့် မာလကာရွက်ခြောက်တစ်ခုကို နှိုင်းယှဉ်ကြည့်တတ်သည်မှာ သိပ်မကြာသေး။ သစ်သားရေစင်နားက အရိုးပြိုင်းပြိုင်း သရက်ပင်ပေါက်ကလေးတွင် တစ်ထောင်တန် ငွေစက္ကူတွေကို စိတ်ကူးနှင့် ချိတ်ဆွဲကြည့်မိတော့ အနည်းငယ်ရယ်စရာကောင်းသွားသည်။ ငယ်ငယ်တုန်းကလိုမျိုး သစ်ရွက်တွေကို ငွေစက္ကူအဖြစ် လက်တွေ့ဘ၀မှာ အသုံးပြု၍ရမည်ဆိုလျှင် တော်တော်ပျော်စရာကောင်းမည်။ ထိုအခါ လူတွေအားလုံး ငွေကို အသည်းအသန်မရှာကြတော့ဘဲ သစ်ပင်တွေကိုသာ အလုအယက်စိုက်ပျိုးကြလိမ့်မည်။ ရုက္ခဗေဒပညာရှင်များ၊ ဥယျာဉ်မှူးများသည် ကမ္ဘာပေါ်တွင် ၀င်ငွေအကောင်းဆုံးဖြစ်သွားလိမ့်မည်။ ကမ္ဘာကြီးကတော့ တစ်စတစ်စ စိမ်းလန်းစိုပြည်လာသော သူ့အရေခွံများကို ကြည့်ရင်း အလွန်စိတ်ချမ်းသာနေမည်မှာ သေချာသည်။
ထိုသို့တွေးမိသောအခါ တစ်လောက မှော်ဘီတွင်ရှိသော သရက်ခြံကြီးကို ရောင်းပစ်ဖို့ ရှေ့နေကို အကြံပေးခဲ့မိသော သူ့ပါးစပ်ကို ယောင်ရမ်းပိတ်မိသည်။ ပြတင်းပေါက်တစ်ခုသည် လူတစ်ယောက်ကို နောင်တရစေနိုင်ပါသလား။
ပြတင်းပေါက်ဆီမှ အကြည့်ကိုရုပ်သိမ်းလိုက်ပြီး ခုတင်နံဘေးက စားပွဲခုံသေးသေးလေးပေါ်မှာတင်ထားသော ကော်ဖီခွက်ကို လှမ်းယူလိုက်သည်။ ကော်ဖီတွေက အေးစက်နေပြီ။ သွန်ပစ်လိုက်ရင် ကောင်းမလားဟု တွေးမိသော်လည်း အရာရာသည် နောက်ဆုံးတွင် အေးစက်ငြိမ်သက်ခြင်းဖြင့်သာ အဆုံးသတ်ရမည်ကို ခပ်ရေးရေး သဘောပေါက်မိပြီး ခြောက်ကပ်ကပ်လည်ချောင်းထဲသို့ အညိုရောင်အေးစက်စက်ကော်ဖီများကို ခပ်ဖြည်းဖြည်းလောင်းထည့်လိုက်တော့သည်။
စက္ကန့်အနည်းငယ်ကြာသောအခါ ကြမ်းပြင်ကို ရှပ်တိုက်လျှောက်လာသော ခြေသံဖွဖွနှင့်အတူ နူးညံ့သောလက်နှစ်ဖက်က သူ့ပုခုံးကိုလာထိသည်။ ကိုကို ကေသီ့ကို မျှော်နေတာ ကြာပြီလားဟင် ကေသီလည်း ဒီနေ့ စောစောပြန်လာမလို့ပါပဲ ဆိုင်ပိတ်ခါနီးမှ စေ့စပ်လက်စွပ်နှစ်ကွင်းလာအပ်တာနဲ့ ကြာသွားတာ…” သူ့ကို ချိုနွဲ့စွာပြုံးကြည့်ရင်း စကားဆိုနေသော ကေ့သီကို စောင့်ကြည့်မိတော့ သူမက မျက်လုံးကို ဖျတ်ခနဲလွှဲရင်း ဟယ် ကြည့်စမ်း ကိုကိုရယ် ဘာလိြု့ပတင်းပေါက်ကိုဖွင့်ထားတာလဲ ဒေါက်တာက လေစိမ်းတွေ အတိုက်မခံနဲ့လို့ ပြောထားတဲ့ဥစ္စာ …” ညည်းညူသလို စကားဆိုတာ ပြတင်းပေါက်ဆီ လှမ်းလျှောက်သွားသော ကေသီ့နောက်ကျောကိုကြည့်ရင်း သူခပ်ယဲ့ယဲ့ပြုံးမိသည်။
ပြတင်းပေါက်ကို ဖွင့်ထားတော့ မင်းမရှိတုန်း ငါရုတ်တရက်သေသွားရင် ငါ့လိပ်ပြာလေး လွတ်လွတ်လပ်လပ်ပျံထွက်သွားလို့ ရတာပေါ့ကွာ။
သြော် ဒါနဲ့ ကိုကို့ကို ပြောရဦးမယ် ဒေါက်တာမိုးမြင့်ဇနီးကလေ သူအင်္ဂလန်ကို မသွားခင် ဒီည ဖဲဝဲလ်ပါတီလုပ်မလို့တဲ့ ကေသီ့ကို ဖိတ်ထားတယ် ကေသီအပြန်နည်းနည်းနောက်ကျမယ် ကိုကို စောင့်မနေနဲ့တော့နော် အိပ်နှင့်တော့ ကိုကို့ကို ဆေးတိုက်ဖို့ ကေသီ ထွေးထွေးကို မှာခဲ့မယ်နော် …” ခွင့်တောင်းစကားမဟုတ်သော အသိပေးစကားကိုဆိုရင်း ကေသီက သူ့နဖူးကို တစ်ချက်နမ်းကာ အခန်းထဲမှထွက်သွားသည်။
နေ့စဉ်နှင့်အမျှ သူလက်ခံရရှိနေသော သူ့ဇနီးသည်၏ ကြင်နာယုယမှုများသည် ခပ်ညံ့ညံ့ဗီဒီယို ဇာတ်ကားထဲမှ မင်းသမီးတစ်ယောက်၏ အမူအယာလို ပေါ့ပျက်ပျက်နိုင်မှန်း သူခံစားတတ်ခဲ့သည်မှာ ကြာပြီ။ တစ်ချိန်တုန်းကတော့ သူနှင့် ကေသီသည် လောကကြီးတွင် ရှိသမျှ ပျော်ရွှင်စရာများကို အတူတကွခံစားရင်း မျှော်လင့်ချက်များစွာနှင့် ရယ်မောခဲ့ကြဖူးသည်ပဲ။ ယခုလက်ရှိအခြေအနေများအတွက်တော့ ကေသီ့ကိုလည်း သူအပြစ်မဆိုချင်ပါ။ သူမလို ငယ်ရွယ်နုပျိုသော မိန်းမသားတစ်ယောက်အနေနဲ့ သူ့လို လူတစ်ယောက်နံဘေးတွင် အချိန်ပြည့်နေကာ ပြုစုယုယဖို့ဆိုတာ သဘာဝမှ မကျဘဲလေ။ ကွာရှင်းခွင့်ကို သူ့ဘက်ကတောင်းဆိုလျှင်တောင် ကေသီက ခါးခါးသီးသီးငြင်းဆန်မည်မှာ သေချာသည်။
တစ်ခါတရံတော့ သူသည် သေခြင်းတရားကို အငမ်းမရ တောင့်တာမျှော်လင့်ဖူးလေသည်။ သို့သော် တစ်ကယ်တမ်းကျတော့လည်း ရဲရဲဝံ့ဝံ့ ရင်မဆိုင်ရဲ။ အမြဲဒွိဟဖြစ်လေ့ရှိသော သူအဇ္ဈတ္တသည် လက်ရှိဘ၀ကို အမြဲလိုလိုမုန်းတီးနေပြီး တစ်ဖက်ကလည်း အပြီးအပိုင် မစွန့်လွှတ်ချင်။
ဦးခေါင်းကို ခါးသီးစွာ ခါယမ်းပစ်လိုက်ကာ ကေသီပိတ်သွားသော ပြတင်းတံခါးဆီသို့ ဘီးတပ်ကုလားထိုင်ကို အသာရွှေ့လှိမ့်ကာသွားပြီး ပြန်ဖွင့်လိုက်သည်။ ဆောင်းလေအေးက သူ့မျက်နှာကို ခပ်ကြမ်းကြမ်းပွတ်တိုက်ကာ အခန်းတွင်းသို့ ၀င်ရောက်လာသည်။ ဆွယ်တာရင်ဘတ်ကြယ်သီးကို တပ်ပြီးသောအခါ အနက်ရောင်ကားကလေး ခြံထဲမှ မောင်းထွက်သွားသည်ကို မြင်ကွင်းမှ ပျောက်ကွယ်သွားသည်အထိ ငေးကြည့်နေမိသည်။ ထိုအခိုက် လေပြင်းတစ်ချက်ကြောင့် ပြတင်းပေါက်တစ်ချပ်က ၀ုန်းခနဲ ပိတ်သွားသည်။
တစ်ဝက်သာ ပွင့်နေသော ပြတင်းပေါက်မှတစ်ဆင့် လောကကြီးကို တစ်ဝက်တစ်ပျက်သာ ရှုမြင်နိုင်မည်ဟု နာကျင်စွာတွေးတောမိရင်း သူအသံထွက်ပြီး ရယ်မောမိလေသည်။
*******************

စိုးသူရ
(မြင်ကွင်းမဂ္ဂဇင်း၊ ဇွန်လ၊ ၂၀၀၇)


Wednesday, February 12, 2014

အမြဲစိမ်းကဗျာ


အခုချရေးလိုက်မယ့်
လွတ်လပ်ရေးဆိုတာ
သူ့လက်နဲ့ခူးဆွတ်ပေးခဲ့တဲ့ပန်း
သူ့အသွေးအသားနဲ့ခင်းခဲ့တဲ့လမ်း

ဗိုလ်ချုပ်အောင်ဆန်း
သူဟာ တစ်မျိုးသားလုံးအတွက် ထာဝရငြမ်း

သူခူးဆွတ်ပေးခဲ့တဲ့ပန်းရနံ့
ပြည်ထောင်စုအနှံ့ပျံ့ခဲ့ပြီ

သူခင်းပေးခဲ့တဲ့ လမ်းတစ်လျှောက်
သမိုင်းအသစ်တွေ ထွန်းပေါက်ခဲ့ပြီ

သူဆင်ခဲ့ငြမ်းကျေးဇူးနဲ့
ကိုယ်ပိုင်အလံကို
ကိုယ်တိုင်ဦးညွတ်နေနိုင်ပြီ

သူသီဖွဲ့ခဲ့တဲ့ ခိုင်ကျည်သောနှလုံးသား
သူချန်ရစ်ထားခဲ့တဲ့ မြဲမြံသောစိတ်ဓာတ်
သူချမှတ်ခဲ့တဲ့ ပြည်ထောင်စုလမ်းစဉ်

အမြဲတမ်းစိမ်းလန်းရှင်သန်နေမယ့် ကဗျာဟာ
ဟောဒီ့ ကျွန်တော်တို့ရဲ့ မြန်မာဆိုရင်
သူဟာ အဲဒီ့ ကဗျာရဲ့ ထိပ်ဆုံးက ခေါင်းစဉ်ပဲ

သူဆိုတာသာ မရှိခဲ့ရင်
အခုကဗျာကို
တခြားဘာသာစကားနဲ့
ခင်ဗျားဖတ်နေရလိမ့်မယ်
………………………..

စိုးသူရ
(13-2-2014)






Monday, January 13, 2014

မပြောင်းလဲပါ အရင်ကအတိုင်း

လမ်းဘေးကားမှတ်တိုင်မှာ
အမှိုက်ပုံထဲမှာ
စားပွဲခုံအောက်မှာ
ရေချိုးခန်းထဲမှာ
အငှားကားပေါ်မှာ
အဝေးပြေးလမ်းပေါ်မှာ
လေယာဉ်ပေါ်မှာ
အများသုံးအိမ်သာထဲမှာ
Shopping Mall ထဲမှာ
ရေကစားမဏ္ဍပ်မှာ
ကလေးကစားကွင်းမှာ
ရထားလမ်းပေါ်မှာ
ဓာတ်တိုင်အောက်က အုတ်ခုံပေါ်မှာ
တည်းခိုခန်းထဲမှာ
ဘုရားပရိဝုဏ်ထဲမှာ  
ဘယ်သူမှမသိအောင် ရပ်ထားတဲ့ကားပေါ်မှာ
....
.......
..........
.............
လက်ညှိုးတစ်ချက်အကွေးမှာ ...
ကွမ်းတံတွေး တစ်ချက်အထွေးမှာ ...
မှောက်ထားတဲ့ ဖဲတစ်ချပ်ကို အရွေးမှာ ...
........................
သေခြင်းတရားဟာ
ဘယ်သူဘယ်ဝါကို ဆွဲခေါ်ရမှန်းမသိ
ဘယ်လိုအချိန်မှာ ဘယ်လိုကိုယ်ထင်ပြရမှန်းမသိ
အတိအကျ ကောလဟလတွေကိုအငိုက်ဖမ်းပြီး
သူ့လက်တံရှည်တွေနဲ့ နာကျင်မှုတွေကို ကမ်းခဲ့ပြီ
..........................
အခုဆို ကျွန်တော်တို့ ရီ (ရယ်) သံတွေ အသက်မပါတော့ဘူး
အခုဆို ကျွန်တော်တို့ ပျော်ရွှင်စရာတွေ မသေချာတော့ဘူး
အခုဆို ကျွန်တော်တို့ လွတ်လပ်မှုတွေ မလွတ်လပ်တော့ဘူး
..........................
အငတ်ငတ်အပြတ်ပြတ်နဲ့ ငြိမ်းချမ်းသောနေ့ရက်များဟာ
သိပ်ပြီးရယ်စရာမကောင်းသော ရွှေရည်စိမ်ဟာသများပဲ
..........................
ဒီလိုနဲ့ နာကျင်မှုတွေကို မျက်ရည်ဝဲပြီးကြည့်နေတတ်တာလည်းကြာပေါ့
...........................................

စိုးသူရ

(17-10-2013)

မွေးနေ့ - ၂၉


ပြန်တွေးသမျှ အရာအားလုံးဟာ
၈၀ ခုနှစ်တွေကအတိုင်း
အဖြူအမည်း
လက်ကျန်လေးကို ဖြည်းဖြည်းဖွင့်ကြည့်တော့
စက္ကန့်တံလေးရွေ့လျားသွားပုံ
ယုံတယ် သေမင်းဟာ လာဘ်မစားဘူး
ဒါပေမယ့်
အဖျားအနာမကင်းသော သံသရာမှာ
ခံစားဖူးသမျှကို ရေတွက်ကြည့်ချင်မိသူ
ချစ်သူတွေ ရာနဲ့မချီပေမယ့်
မုန်းသူတွေတော့ ထောင်သောင်းမက
ရခဲ့တဲ့ ဒဏ်ရာတွေ အသင်္ချေ
မရေတွက်နိုင်တဲံ ဝေဒနာတွေ အပုံအပင်
ဒီလိနေ့မျိုးပေါ့
ဘုရားရှင်ရှေ့ တစ်ခါဦးခိုက်တိုင်း
အနှိုင်းမဲ့ မေတ္တာအနန္တကို ဆင်ခြင်
ရှင်သန်ခြင်းကို တရားအသိနဲ့ ညှိပေမယ့်
ရခဲလှတဲ့ ဒီဘ၀ရိုးရိုးလေးကို
တိုးတိုးပြီး ခင်တွယ်နေမိတာလည်း ကြာခဲ့ပေါ့
 ......................

စိုးသူရ

(4-12-2013)

ရည်းစားဟောင်းအခန်း

တိုက်ဆိုင်မှုတွေ များလွန်းတော့လည်း
အတိတ်ဆိုတာ
နံရံလေးဖက်ပေါ်က ဆေးရောင်စုံရှုခင်းထဲ
ဟိုအရင်လိုပဲ စိမ်းလန်းဝေဆာလို့  ...

သူ့အချစ်နဲ့
ထွန်းညှိမှ လင်းတဲ့ အခန်း
သူ့နှုတ်ခမ်းတစ်ချက်
တွန့်လိုက်မှ လူးလွန့်သွားတဲ့ လိုက်ကာ
သူ့အကြင်နာတွေနဲ့
ချော့မြူတွန်းဖွင့်မှ ပွင့်တဲ့ ပြူတင်းတံခါး ...
အခုတော့ ဘ၀တွေလည်း အလိုလိုခြားခဲ့ပြီ ...

သူရယ်သံလေးတွေကို
နှလုံးသားနဲ့ဖမ်းယူနားဆင် ...
သူနာကျင်ငိုကြွေးတဲ့အခါ
ရင်ခွင်ထဲမှာ ဖေးမအားပေး ...
အချစ်ဟာ သူ့လက်နဲ့ရေးခဲ့တဲ့
တစ်ဘ၀စာ ဖတ်စာ ...
နောက်ဆုံးရလာဒ်ကတော့
ပိုင်းခြေမှာပဲ ၁၀၀ အပြည့် ...

မေ့ပစ်လိုက်တဲ့သူနဲ့
မေ့ပစ်လိုက်ရတဲ့သူ ...
ဒုတိယလူက ပိုနာကျင်ရစမြဲမို့
သူ့အတွက်ရည်ရွယ်ထားတဲ့ ကိုယ့်အိပ်မက်အခန်းလေးထဲ
ဖရိုဖရဲပြန့်ကျဲနေတဲ့သတိရခြင်းတွေကိုသာ
အခါခါကောက်ယူစုစည်းလို့ မဆုံး ...
………………..

စိုးသူရ

(21-12-2013)

လားရှိုး

အထီးကျန်ခြင်းက အေးစက်စွာ တိတ်ဆိတ်လို့
တစ်ယောက်ထဲ နိုးထမြဲ နံနက်ခင်းတွေ
တစ်ယောက်ထဲ အိပ်စက်နေရဆဲ ညခင်းတွေ
တစ်ယောက်ယောက်ရှိမှ
ဘ၀က စိုပြေမယ်တဲ့လား
ဟင့်အင်း  စိုပြေဖို့ထက်
အဆင်ပြေဖို့က ပိုအရေးကြီးတယ်လေ

အချစ်က မှောင်ခိုဈေးကွက်လို
အတက်အကျမြန်ဆန်

မသေချာတဲ့ မနက်ဖြန်တွေဟာ
တောင်တန်းတွေလို ခိုင်ခိုင်မာမာ ကြီးကြီးမားမား

ကျီစားသန်တဲ့ လောကဓံဟာ
တောင်တက်လမ်းတွေလို အကွေ့အကောက်များစွာ

ဘယ်သူ့မှ မသိတဲ့ဝေဒနာတွေဟာ
ရေစိမ်ခေါက်ဆွဲထဲမှာပဲ အဆီတဝေ့ဝေ့

မေ့မေ့ပျောက်ပျောက်အကျင့်ဆိုးဟာ
လက်မောင်းမှာထိုးထားတဲ့
လှိုက်လှဲစွာ ကြိုဆိုပါ၏ စာတန်းလား

အနီးအနားက ရန်သူတွေကိုရော
အဝေးကြီးက မိတ်ဆွေတွေကိုပါ
ရေပူစမ်းထဲမှာ နွေးထွေးစွာပွေ့ဖက်

အေးစက်လွန်းတဲ့ မျက်နှာမှာ
အပြုံးအရယ်နည်းခဲ့တာတော့ ခွင့်လွှတ်ပါ

တစ်ယောက်ထဲသမားတွေ ဘ၀မှာ
ရယ်မောခြင်းဆိုတာ အခက်ခဲဆုံးအလုပ်မဟုတ်လား

လွင့်မျောနေဆဲ
အဖြူရောင်တိမ်စိုင်တွေထဲမှာတော့
အကြင်နာစိတ်တွေ အမြဲဖူးပွင့်နေဦးမှာပါ
.................

စိုးသူရ
(27-12-2013)  






မူဆယ်

အရင်တုန်းက
ကိုယ်နားမလည်ခဲ့တဲ့ စကားလုံးတွေဟာ
အခုအချိန်မှာ ကိုယ့်မိခင်ဘာသာစကားထက် ပိုအရေးပါလာ

ဟိုတုန်းက
ကိုယ်လုံးဝ မရင်းနှီးခဲ့တဲ့ နီစပ်စပ်တွေဟာ
ခုတော့ ကိုယ်ဆွေမျိုးအိမ်သား

တစ်ချိန်က
ကိုယ်မကြားဖူးခဲ့တဲ့ စကားသံများဟာ
ခုဆို အလိုလိုကျွမ်းဝင်သွားတဲ့
ဆက်သွယ်ရေး သင်္ကေတ

နေ့နေ့ညည
မလှမ်းမကမ်းကနေ စုတ်သပ်ပြီး
လှမ်းလှမ်းကြည့်နေတတ်တဲ့
မိုးတိုးမတ်တပ် ကိုယ့်အိမ်နီးချင်း

သူ့ဆီက စီးဆင်းလာတဲ့ အမှတ်တံဆိပ်တွေဟာ
ကိုယ့်မိသားစုကမ္ဘာရဲ့နေ့စဉ်လိုအပ်ချက်

ဒီဖက်ကနေ ဟိုဖက်ကိုဖြတ်ဖို့
ကိုယ့်အရေခွံကို ခဏလဲချင်ယောင်ဆောင်
တစ်ထောင်တန်တစ်ရွက်ကိုင်ပြီး
ကင်မရာရှေ့မှာ မတ်တပ်ရပ်လိုက်ပါ

မွေးရာပါ မပြည့်စုံတဲ့ဘ၀ကို
ဒီလို ခပ်ရှက်ရှက်နဲ့ပဲ
ဝဲနေတဲ့ မျက်ရည်ကို အသာသုတ်
ကိုယ့်ဒုက္ခကိုယ် အသာအယာဖြေလျော့ပြီး
မီးရောင်စုံတွေဆီသာ ငေးကြည့်နေမိတော့တယ်
………….

စိုးသူရ
(2-1-2014)






ပုဂံ

ဆည်းလည်းသံတွေကြားက
အချိန်ကာလရဲ့ တိုက်စားမှုပုံရိပ်

အနုစိတ်သဒ္ဒါတရားနဲ့
ယုံကြည်စိတ်ထုထည်ကြီးကြီးမားမား

ပူပြင်းတဲ့ နေရောင်အောက်မှာ
ရွှေရောင်တောက်နေဆဲ အရိပ်တွေပေါ့

အတိတ်ဟာ
နံရံဆေးရေးပန်းချီတွေလို လှပဆဲ

ဂုဏ်ယူစိတ်ဟာ
အုတ်ခဲအုပ်ချပ်တွေလို ခိုင်ခံ့ဆဲ

တမာရနံ့နဲ့ မြေနီလမ်းတွေဟာ
ကမ္ဘာကျော်အနုပညာတွေလို စိမ်းစိုအသက်ဝင်မြဲ

ရွှေပိန်းထပ်ချစရာမလိုအောင်
ထာဝရတောက်ပနေဆဲ အဖြစ်အပျက်တွေ

ခေတ်အဆက်ဆက် အကူးအပြောင်းတွေကြား
ယိုင်လဲမသွားတဲ့ သမိုင်းကြောင်းတွေ

ပြန်တွေးမိတိုင်းသစ်လွင်နေဆဲ ပုံရိပ်ဟောင်းတွေ

သူ့အကြောင်းကို ဖွဲ့နွဲ့ရင်း
ဧရာဝတီဟာ စီးဆင်းရစ်ခွေလို့

သူ့သတင်းကို ဆောင်ကြဉ်းရင်း
အညာလေညှင်းဟာ အေးမြလတ်ဆတ်လို့

ဒီလို ဖွဲ့နွဲ့ခြင်းဟာ အဆုံးသတ်လို့ မရခဲ့ဘူးပေါ့

ဘယ်တော့မှ မရိုးနိုင်တဲ့ကဗျာဟာ
အမြဲတမ်းသူ့ဆီမှာ
……………..

စိုးသူရ
(13-1-2014)

Friday, December 6, 2013

သတိရခြင်းတွေဟာ ၂၄ နာရီ

ခဏလေးဝေးရတာပါပဲ
ဒါပေမယ့် အလွမ်းက မိုင်တိုင်ရှည်လျားလွန်းတယ်

သူ့ဆက်သွယ်မှု ဧရိယာနယ်မြေထဲ
ကိုယ်က အမြဲရောက်နေချင်မိသူ

ရေမခြား မြေမခြားပေမယ့်
အထိအတွေ့လေးတွေ ခြားနေတယ်
သတိရစိတ်နဲ့ ပြောရမယ့်စကားလေးတွေများနေတယ်

ကိုယ်ဘယ်မှာ ရှိမှန်း သူသိသလို
သူရှိနေတဲ့နေရာကိုလည်း ကိုယ်သိနေတာ အသေအချာ

ဒါပေမယ့် တချို့ကိစ္စတွေဟာ
သိပ်အဖြေရှာစရာမလိုဘူးဆိုတော့
အသံလေးကြားနေရတာနဲ့ပဲ
ရင်တွေလည်း တဒိုင်းဒိုင်းခုန်

နှုတ်ခမ်းပါးလေးကို တွေးကြည့်လိုက်ရုံ
မျက်ခုံးတွန့်လေးကို မှန်းကြည့်လိုက်ရုံ
ပါးချိုင့်နက်နက်လေးကို လွမ်းကြည့်လိုက်ရုံနဲ့

ကိုယ့်တစ်နေ့တာလုံး ပြည့်စုံအေးချမ်းသွားတယ်ဆို
သူရော ကိုယ့်လိုပဲ ဒီကဗျာကို ဖတ်ပြီး ပြုံးနေမှာလား .
……………….

စိုးသူရ
(7-12-2013)





Sunday, December 1, 2013

အချစ်

ယာယီခွင့်ပြုချက်အမှတ် (၁/၁၅၀၀)

ဆေးအာနိသင်
……………….
လူသားအားလုံးအတွက် မရှိမဖြစ်လိုအပ်သော နှလုံးသွေးကို အထူးလည်ပတ်ကောင်းမွန်စေသည့် အာဟရဓာတ်တစ်မျိုးပါရှိသဖြင့် နေ့စဉ်သောက်သုံးရန်သင့်တော်ပါသည်။

ပါဝင်သောဂုဏ်သတ္တိများ
……………………….
သစ္စာတရား (၄၀%)
နားလည်မှု (၂၀%)
သံယောဇဉ် (၁၅%)
မေတ္တာတရား (၁၅%)
အကြင်နာ (၁၀%)

ဘေးထွက်ဆိုးကျိုးများ
………………………
တစ်စုံတစ်ယောက်ထံမှ ဂရုစိုက်မှုကို မဖြစ်နိုင်မှန်း သိသော်လည်း ရလိုခြင်း (လောဘ)
ရရှိပါကလည်း နေ့ည အချိန်မရွေး မိမိတစ်ယောက်ထဲကိုသာ ဂရုစိုက်စေလိုခြင်း (အတ္တ)
သူနှင့်ပတ်သက်သော အကြောင်းအရာမှန်သမျှ အကောင်းအဆိုးမခွဲခြားနိုင်တော့ပဲ မြတ်နိုးတတ်လာခြင်း (မောဟ)
မိမိမဟုတ်သော အခြားတစ်ယောက်အား ဂရုစိုက်နေပါက အလကားနေရင်း အလိုမကျခြင်း (ဒေါသ)
မိမိသာလျှင် ကမ္ဘာပေါ်တွင် ကံအကောင်းဆုံးအချစ်မျိုးကို ရရှိထားသောသူဟူ၍ ထင်မှတ်နေမိခြင်း (မာန)
သူ့ဘေးနားတွင် အမြဲလိုလိုရှိနေတတ်သော အခြားသူများအား အကြောင်းပြချက်မရှိဘဲ ကြည့်မရတော့ခြင်း (မစ္ဆရိယ)

အချစ်ကို သတ်မှတ်ထားသော ဆေးညွှန်းအတိုင်းသာ သုံးစွဲသင့်ပါသည်။

လိုအပ်၍ ပိုမိုသုံးစွဲလိုပါက အသိဥာဏ်ဆိုသော သမားတော်နှင့်တိုင်ပင်ပြီး ၄င်းညွှန်ကြားချက်အတိုင်း သောက်သုံးပါ။

အထက်ပါ ဘေးထွက်ဆိုးကျိုးများအား မခံစားရရန်အလို့ငှာ အချစ်ကို ကောလဟလ (သို့မဟုတ်) ကြားစကားများနှင့်ဝေးသော အပူချိန် ၅၂၈ ဒီကရီတွင် လုံခြုံစွာသိမ်းဆည်းထားပါ။

မှတ်ချက်။  ကလေးငယ်များအလွယ်တကူ မသုံးစွဲနိုင်ရန် ၄င်းတို့နှင့် လက်လှမ်းမမီသောနေရာတွင်ထားပါ။


 Soe Thu Ra
(1-12-2013)