ဆည်းလည်းသံတွေကြားက
အချိန်ကာလရဲ့
တိုက်စားမှုပုံရိပ် …
အနုစိတ်သဒ္ဒါတရားနဲ့
ယုံကြည်စိတ်ထုထည်ကြီးကြီးမားမား
…
ပူပြင်းတဲ့ နေရောင်အောက်မှာ
ရွှေရောင်တောက်နေဆဲ
အရိပ်တွေပေါ့ …
အတိတ်ဟာ
နံရံဆေးရေးပန်းချီတွေလို
လှပဆဲ …
ဂုဏ်ယူစိတ်ဟာ
အုတ်ခဲအုပ်ချပ်တွေလို
ခိုင်ခံ့ဆဲ …
တမာရနံ့နဲ့ မြေနီလမ်းတွေဟာ
ကမ္ဘာကျော်အနုပညာတွေလို
စိမ်းစိုအသက်ဝင်မြဲ …
ရွှေပိန်းထပ်ချစရာမလိုအောင်
ထာဝရတောက်ပနေဆဲ
အဖြစ်အပျက်တွေ …
ခေတ်အဆက်ဆက်
အကူးအပြောင်းတွေကြား
ယိုင်လဲမသွားတဲ့
သမိုင်းကြောင်းတွေ …
ပြန်တွေးမိတိုင်းသစ်လွင်နေဆဲ
ပုံရိပ်ဟောင်းတွေ …
သူ့အကြောင်းကို
ဖွဲ့နွဲ့ရင်း
ဧရာဝတီဟာ စီးဆင်းရစ်ခွေလို့
…
သူ့သတင်းကို
ဆောင်ကြဉ်းရင်း
အညာလေညှင်းဟာ
အေးမြလတ်ဆတ်လို့ …
ဒီလို ဖွဲ့နွဲ့ခြင်းဟာ
အဆုံးသတ်လို့ မရခဲ့ဘူးပေါ့ …
ဘယ်တော့မှ မရိုးနိုင်တဲ့ကဗျာဟာ
အမြဲတမ်းသူ့ဆီမှာ
…
……………..
စိုးသူရ
(13-1-2014)
No comments:
Post a Comment