အရင်တုန်းက
ကိုယ်နားမလည်ခဲ့တဲ့
စကားလုံးတွေဟာ
အခုအချိန်မှာ
ကိုယ့်မိခင်ဘာသာစကားထက် ပိုအရေးပါလာ …
ဟိုတုန်းက
ကိုယ်လုံးဝ မရင်းနှီးခဲ့တဲ့
နီစပ်စပ်တွေဟာ
ခုတော့ ကိုယ်ဆွေမျိုးအိမ်သား
…
တစ်ချိန်က
ကိုယ်မကြားဖူးခဲ့တဲ့
စကားသံများဟာ
ခုဆို အလိုလိုကျွမ်းဝင်သွားတဲ့
ဆက်သွယ်ရေး သင်္ကေတ
…
နေ့နေ့ညည …
မလှမ်းမကမ်းကနေ
စုတ်သပ်ပြီး
လှမ်းလှမ်းကြည့်နေတတ်တဲ့
မိုးတိုးမတ်တပ်
ကိုယ့်အိမ်နီးချင်း …
သူ့ဆီက စီးဆင်းလာတဲ့
အမှတ်တံဆိပ်တွေဟာ
ကိုယ့်မိသားစုကမ္ဘာရဲ့နေ့စဉ်လိုအပ်ချက်
…
ဒီဖက်ကနေ ဟိုဖက်ကိုဖြတ်ဖို့
ကိုယ့်အရေခွံကို
ခဏလဲချင်ယောင်ဆောင် …
တစ်ထောင်တန်တစ်ရွက်ကိုင်ပြီး
ကင်မရာရှေ့မှာ
မတ်တပ်ရပ်လိုက်ပါ …
မွေးရာပါ မပြည့်စုံတဲ့ဘ၀ကို
ဒီလို ခပ်ရှက်ရှက်နဲ့ပဲ
ဝဲနေတဲ့ မျက်ရည်ကို
အသာသုတ်
ကိုယ့်ဒုက္ခကိုယ်
အသာအယာဖြေလျော့ပြီး
မီးရောင်စုံတွေဆီသာ
ငေးကြည့်နေမိတော့တယ် …
………….
စိုးသူရ
(2-1-2014)
No comments:
Post a Comment