Wednesday, February 10, 2016

“စွဲလမ်းမှုဟာ ... နေရောင်လိုတောက်ပလို့ …”

မတွေ့ရတာကြာပြီနော်လို့ မင်းပြောတဲ့အခါ
ဘယ်တော့မှ မင်းအနားကနေ
ဟိုးအဝေးကြီးကို လွင့်ပျံ့မသွားဖူးတဲ့
ကိုယ့်လိပ်ပြာကို အလိုလိုအားနာမိတယ် …

အချစ်မှာ
ကိုယ်ဟာ ပိုင်းခြေ ၁၀၀ နဲ့
အမြဲအောင်မြင်နေခဲ့သူ …

အတူတူနေရမှ နွေးထွေးမှုတဲ့လား …
အေးစက်မှုတွေကြားမှာ
ကိုယ်တော့ နေသားတကျ ဖျားနာခဲ့တာကြာပြီ …

ဟုတ်တယ် …
ပြန်မလာတဲ့ သတိတရစာတိုလေးတွေဖတ်ရင်း ဖျားတယ် …

အမှားမပါအောင် ကြိုးစားပြီးပြောရတဲ့
စကားစမြည်လေးတွေကို လွမ်းတယ် …

လိုအပ်မှ အသံမြည်လာတတ်တဲ့
ဖုန်းနံပါတ်လေးကို မှန်းပြီး မျက်ရည်ဝဲတယ် …

မင်းအတွက်တော့ တစ်ရာသီစာပေါ့
ကိုယ့်အတွက်တော့ တစ်ဘ၀ တစ်ကမ္ဘာစာ …

နံနက်ခင်းတွေမှာ
ကြည်လင်သောစိတ်နှလုံးနဲ့ အိပ်ရာထတယ် …

အသက်ရှင်ခြင်းရဲ့ အဓိပ္ပါယ်တစ်ခုအဖြစ်
အလုပ်လုပ်တယ် …

ရယ်စရာရှိတဲ့အခါ
အားရပါးရ ရယ်မောတယ် …

အဆင်ပြေသလို
စားတယ် သောက်တယ် …

နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်တယ် …

မင်းမကြိုက်တဲ့ မြန်မာဝတ္ထုတွေ
များများဖတ်တယ် …

မင်းကြိုက်တဲ့ နိုင်ငံခြားဇာတ်ကားတွေ
ရုံမှာသွားကြည့်တယ် …

စိတ်လိုလက်ရရှိတဲ့အခါ
ကိုယ်လက်လှုပ်ရှားတယ် …

စိတ်လှုပ်ရှားတဲ့အခါ
နှုတ်ခမ်းကိုကိုက်ပြီး ခေါင်းခါပစ်လိုက်တယ် …

ဒီလို နိစ္စဓူဝတွေထဲ
မင်းအကြောင်းကိုလည်း
မပျက်မကွက်တွေးရသေးတယ် …

ကိုယ့် ၂၄ နာရီဟာ
မင်းကို လွမ်းစိတ်နဲ့ ပုံမှန်မလည်ပတ်ပေမယ့် …

မင်းထားခဲ့တဲ့ အမှတ်တရတွေနဲ့
အရင်နေရာမှာ
အရင်လို
ရှင်သန်နေရစ်တယ် …

အချစ် ...

တင်းထားတဲ့ မာနကို
တစ်ဆင့်ချင်းစီ
အရည်ပျော်စေခဲ့သော နေရောင်ခြည်ဟာ
မင်းပါပဲ …

‪#‎SoeThuRa‬
(10-2-2016)

No comments:

Post a Comment