“ညကြီးမင်းကြီး
ထပြီးထိုင်နေ
အိပ်ရာတွေလည်း
ကြေမွတွန့်လိပ်
သိပ်စိတ်ညစ်တယ်”
(ကြည်အေး)
ဟုတ်တယ် … သိပ်စိတ်ညစ်တာပဲ
… ဘာဖြစ်လို့လဲလို့တော့
မမေးပါနဲ့နော် … ရင်ထဲက နှလုံးသားဟာ အရည်ပျော်မတတ် … ခါတိုင်းဖတ်နေကျ
အချစ်ဝတ္ထုတွေလည်း ချို့ကို ဆေးမကုနိုင်တော့ဘူး ကိုကိုရေ … တကယ်ဆို
ချိုနေခဲ့ဖို့မကောင်းဘူး … ကိုကိုမရှိတဲ့ဘ၀ .. ကိုကိုမရှိတဲ့ည
… ချို့အတွက်တော့
တကယ့်ဒုက္ခပဲ … ချစ်သူနဲ့ ကွေကွင်းရခြင်းဟာလည်း ငရဲတစ်မျိုးပဲလေကွယ်
… ချို
အခု ငြိမ်ငြိမ်လေး လှဲနေတယ်လို့ ကိုကိုထင်သလား … သွားစမ်းပါ
ကိုကိုရယ် … ဘယ် ညာ လူးလွန့် … အိပ်ရာခင်းတွေတွန့်ကြေ
… ဆံနွယ်တွေပြန့်ကျဲ
… ခန္ဓာကိုယ်ထဲက
သွေးကြောတွေဟာ တဆစ်ဆစ်နာကျင်နေတယ် … ညမွှေးပန်းရဲ့
ရနံ့အီအီတွေလဲ ချို့ကို မကယ်နိုင်တော့ပါဘူး … ချိုတော့
ရူးသွားချင်တာပါပဲ … မှန်ပြူတင်းကတဆင့် မြင်နေရတဲ့
ဝေ့၀ဲကြွေဆင်းသွားတဲ့ သစ်ရွက်ကလေးဟာ ချိုပါပဲ … စေ့ရုံပဲ
စေ့ထားခဲ့ပြီး မာနကြီးချင်ယောင်ဆောင်နေခဲ့တဲ့ တံခါးတစ်ချပ်ဟာလည်း ချိုပါပဲ … ဆက်သွယ်မှုဧရိယာပြင်ပကို
အမြဲပြေးထွက်နေခဲ့တဲ့ အနက်ရောင်လက်ကိုင်ဖုန်းလေးဟာလည်း ချိုပါပဲ … ဆွတ်ယူနမ်းရှိုက်မယ့်သူ
မရှိတော့မှ အစွမ်းဖူးပွင့်ပြချင်နေတဲ့ ၀ရံတာလက်ရန်းပေါ်ပန်းအိုးထဲက နှင်းဆီအနီရဲရဲလေးဟာလည်း
ချိုပါပဲ ကိုကိုရယ် …
“မင်းက ရုပ်ကလေးလှသလောက် သိပ်ပက်စက်တာပဲ …”
ချာခနဲ လှည့်ထွက်သွားတဲ့ ကိုကို့ကျောအခိုင်းမှာ ချိုနှစ်ခါပြန်
သေဆုံးခဲ့ရတယ် … အဲဒီတုန်းက ကိုကို့ဥပေက္ခာမှာ ချိုဟာ ဒဏ်ရာရသွားတဲ့
ပန်းသီးတစ်လုံးပေါ့ကွယ် … ဒါပေမယ့် ချို ကိုကို့ကို မမုန်းခဲ့ပါဘူး
… ပထမဦးဆုံးဆိုတာ
ကာယကံရှင်ပေါ်မှာပဲ မူတည်တယ်လို့ ပြောရင် ကိုကိုရယ်ဦးမှာလား … ကိုကိုဟာ
ချို့အတွက် ပထမဦးဆုံးမဟုတ်ပေမယ့် ပထမဦးဆုံးဆိုတာ ယုံစမ်းပါ ကိုကိုရယ် … ဘာလဲ
… ကိုကိုနားရှုပ်သွားပြီလား
… ဟုတ်တယ်လေ
… ကိုကိုဟာ
ချို့ဘ၀အတွက် ပထမဦးဆုံးမဟုတ်ပေမယ့် ချို့နှလုံးသားအတွက် … ချို့အချစ်အတွက်တော့
အမြဲတမ်း ပထမဦးဆုံးပါပဲ …
“မင်းမာယာတွေကြောင့် မင်းတစ်နေ့ ဒုက္ခရောက်လိမ့်မယ်
…”
ချိုမျက်နှာဖုံးတွေကို သိပ်မုန်းတယ် ကိုကို … ချို့ဘ၀တစ်လျှောက်လုံး
အရိုးသား အပွင့်လင်းဆုံးနေထိုင်ခဲ့တာပါ … ချို့
ကိုယ်ပိုင် အဘိဓာန်မှာ မာယာ ဆိုတဲ့ စကားလုံးကို အခုထိ မရေးသွင်းရသေးပါဘူး ကိုကိုရယ်
… ဒါနဲ့များ
ချိုက မာယာသိပ်များတယ်တဲ့လား … ဟင့်အင်း
… ကိုကိုမှားနေပြီ … မာယာဆိုတာ
ကောက်ကျစ်စဉ်းလဲတဲ့သဘောပါတယ်လေ … ချိုက မြေခွေးတစ်ကောင်မဟုတ်ပါဘူး
… ကိုကို့အတွက်ဆို
အမြဲဖြူစင်ပြီး အပြစ်ကင်းစင်တဲ့ ယုန်ကလေးတစ်ကောင်ပါ … ဒါပေမယ့်
အဲဒီယုန်ကလေးဟာ ကိုကိုယုံအောင် အချစ်ကို သက်သေမပြတတ်ခဲ့ပါဘူး .. ချို သိပ်ညံ့ခဲ့တယ်
ကိုကို …
“ကိုယ်သွားတော့မယ် … မင်းကို
အပြီးနှုတ်ဆက်ခဲ့တယ် …”
သွားပေါ့ ကိုကိုရယ် … သွားနှင့်သူဟာ
အနိုင်ရသူပေါ့ … ချိုတော့ သွားရမှာကို မကြောက်ပါဘူး … ကိုကို့ကိုလဲ
မကြောက်စေချင်ဘူး … ချိုက ကျန်ရစ်ခဲ့ရမှာကိုပဲ
ကြောက်တာ … ဘာပဲဖြစ်ဖြစ်ပါ … ချိုတို့
ပြန်တွေ့ကြဦးမှာပဲ … ကိုကိုက အရှေ့အရပ်ကိုလျှောက်
… ချိုကတော့
ကိုကိုနဲ့ ဆန့်ကျင်ဘက်ကို လျှောက်နေတယ် … ကိုကိုသွားတဲ့နေရာက
သိပ်မှောင်တာပဲလား … နောက်တော့လည်း နေသားကျသွားမှာပါလေ
… ချိုရောက်နေတဲ့
အရပ်ကတော့ အလင်းတစ်ဝက် အမှောင်တစ်ဝက်နဲ့ သိပ်စိတ်ပျက်ဖို့ကောင်းတာပဲ … ဒါပေမယ့်
ချိုတစ်ယောက်ထဲ နေရဲပါတယ် … ချိုလုံးဝမသိတဲ့ သူစိမ်းတွေရဲ့
အလယ်မှာလေ … ရယ်စရာတော့ အကောင်းသားနော် … ချိုနဲ့
ကိုကိုဟာလည်း သူစိမ်းတွေပါပဲ … ကမ္ဘာပေါ်မှာ အရင်းနှီးဆုံး သူစိမ်းနှစ်ယောက်ပေါ့
ကိုကိုရယ် …
“ကိုယ်လေ ရင်မဆိုင်ရဲပါ … ကမ္ဘာကုန်ကျယ်သရွေ့အဆုံး
… ပြန်မဆုံနိုင်အောင်
တို့ထွက်ပြေးတော့မယ် …”
ကိုကို ချို့ဆီ ပြန်လာမယ်တဲ့လား … ချို
ဟာသတွေ မကြားချင်ဘူးကွယ် … ကိုကိုရွေးချယ်ခဲ့တဲ့လမ်းမှာ
ချိုဟာ ဆူးခလုတ်တစ်ခု မဖြစ်ချင်ပါဘူး …. ဘုရားစူးပါစေရဲ့
… ကိုကို့အပေါ်ထားတဲ့
ချို့မျှော်လင့်ခြင်းတွေဟာ သိပ်ကိုရိုးစင်းလွန်းပါတယ်ဆိုရင် ကိုကို လှောင်ရယ်ရယ်ဦးမှာလားဟင်
…. ပြီးတော့
ကိုကိုရွေးချယ်လိုက်တဲ့ လမ်းမှာ ချို့ဘ၀ ချို့ကမ္ဘာနဲ့ ဟိုးအပြင်ဘက်ဆီ ဦးတည်ရည်ရွယ်မှန်း
အချစ်မှာ မျက်စေ့ကန်းနေပေမယ့် အရာရာကို မှန်းဆနိုင်တဲ့ အသိဥာဏ်လေးရှိနေသေးတော့ … လူးလွန်းနေဆဲ
ချို့ ဝေဒနာညတွေကို ခုတော့ ဗေလီယမ်လည်း မကယ်နိုင်တော့ဘူး … ဂျူးလည်း
ချော့မသိပ်နိုင်တော့ဘူး … ဘရိုင်ယမ်အဒမ်လည်း မပြုစားနိုင်တော့ဘူး
… ဘီသိုဗင်လည်း
မငြိမ်းအေးစေနိုင်တော့ဘူး … သူတို့ပြောသလို ချို မရူးသေးပါဘူး
ကိုကိုရယ် …
“ကြိုးကလေး တစ်ချောင်းရဲ့ အစွန်းနှစ်ဖက်မှာ တို့အသည်းတွေ
ချိတ်လျှက်သာ …”
ခုတော့ ချိုနဲ့ ကိုကို့ကြားမှာ တားထားတဲ့ ကြိုးတစ်ချောင်းရဲ့
အင်အားဟာ သိပ်ကိုခိုင်ခန့်ပြီး ကြီးမားလွန်းမှန်း သိလိုက်ရပါပြီ … လိုက်ခဲ့တော့မယ်
ကိုကိုရယ် … အာခေါင်တွေခြောက်ကပ် … ရေငတ်ပြီး
တစ်လှပ်လှပ်တုန်ယင် … ခုံမင်ခဲ့ဖူးတဲ့ ဆေးရောင်စုံတွေကြားမှာ
ချိုတော့ လမ်းမှားနေပြီ … ရီဝေတဲ့ ကိုကို့အကြည့်တွေကို
ချိုလွမ်းမောပါရဲ့ …. ကိုကို့ပုခုံးထက်မှာ မှီနွဲ့ပြီး ချိုကြိုက်တဲ့
သီချင်းတွေကိုလည်း ခပ်တိုးတိုးညည်းချင်သေးတယ် …
The Day You Went Away တဲ့ … ကိုကိုထွက်သွားပြီးကထဲက ချိုလည်း
ကိုကိုနဲ့ အဝေးကြီးမှာပါပဲ … အသိစိတ်နဲ့ မသိစိတ်ကြား ၀ဲလည်နေတဲ့
ချို့ကို ကိုကိုလမ်းပြပေးပါဦး … နောက်ဆုံးလက်ကျန် သံယောဇဉ်လေးနဲ့ပေါ
… ချိုလည်း
လွတ်မြောက်ချင်လှပါပြီ ...
“နောက်ဆုံးထင်ရဲ့
ပင်ပန်းလိုက်တာ
ရှိုက်နမ်းပါဦး
နဖူး … ပါးပြင် …
မိန်းမူးချင်သေး
ဝေးမသွားမီ …”
(မအိ)
(ခံစားချက်များ ဝေမျှပေးသာ ချိုနွယ်ခိုင် အား ကျေးဇူးအထူးတင်ပါသည်)
Soe Thu Ra
No comments:
Post a Comment