အထီးကျန်ခြင်းက
အေးစက်စွာ တိတ်ဆိတ်လို့ …
တစ်ယောက်ထဲ နိုးထမြဲ
နံနက်ခင်းတွေ …
တစ်ယောက်ထဲ အိပ်စက်နေရဆဲ
ညခင်းတွေ …
တစ်ယောက်ယောက်ရှိမှ
ဘ၀က စိုပြေမယ်တဲ့လား
…
ဟင့်အင်း …
စိုပြေဖို့ထက်
အဆင်ပြေဖို့က
ပိုအရေးကြီးတယ်လေ …
အချစ်က မှောင်ခိုဈေးကွက်လို
အတက်အကျမြန်ဆန်
…
မသေချာတဲ့ မနက်ဖြန်တွေဟာ
တောင်တန်းတွေလို
ခိုင်ခိုင်မာမာ ကြီးကြီးမားမား …
ကျီစားသန်တဲ့
လောကဓံဟာ
တောင်တက်လမ်းတွေလို
အကွေ့အကောက်များစွာ …
ဘယ်သူ့မှ မသိတဲ့ဝေဒနာတွေဟာ
ရေစိမ်ခေါက်ဆွဲထဲမှာပဲ
အဆီတဝေ့ဝေ့ …
မေ့မေ့ပျောက်ပျောက်အကျင့်ဆိုးဟာ
လက်မောင်းမှာထိုးထားတဲ့
လှိုက်လှဲစွာ
ကြိုဆိုပါ၏ စာတန်းလား …
အနီးအနားက ရန်သူတွေကိုရော
အဝေးကြီးက မိတ်ဆွေတွေကိုပါ
ရေပူစမ်းထဲမှာ
နွေးထွေးစွာပွေ့ဖက် …
အေးစက်လွန်းတဲ့
မျက်နှာမှာ
အပြုံးအရယ်နည်းခဲ့တာတော့
ခွင့်လွှတ်ပါ …
တစ်ယောက်ထဲသမားတွေ
ဘ၀မှာ
ရယ်မောခြင်းဆိုတာ
အခက်ခဲဆုံးအလုပ်မဟုတ်လား …
လွင့်မျောနေဆဲ
အဖြူရောင်တိမ်စိုင်တွေထဲမှာတော့
အကြင်နာစိတ်တွေ
အမြဲဖူးပွင့်နေဦးမှာပါ …
.................
စိုးသူရ
(27-12-2013)
No comments:
Post a Comment