အဆင်းလှသလို
အချင်းလည်း သိပ်လှတဲ့
မြို့ကလေးပေါ့ …
ခေါင်းမော့ကြည့်လိုက်ရင်
ဒီလို စိမ်းညို့နေတဲ့
ညောင်ပင်အကြီးကြီးတွေပေါ့ …
ခရမ်းလွန်ရောင်ခြည်နဲ့
နိုင်ငံခြားဖြစ် ဖဲထီးတွေကို စိန်ခေါ်ခဲ့တယ် …
မလှူတတ်ရင် ဈေးရောင်း
ဆိုတဲ့ ဒီလိုချစ်စရာ့အတွေးပေါ့ …
တစ်ပွဲ ၂၀၀ တန်
တို့ဟူးနွေးနဲ့
မိုးထိနေတဲ့
ကုန်ဈေးနှုန်းကို ရင်ဆိုင်အန်တုတယ် ...
ပြုသူအသစ် ဖြစ်သူအဟောင်း
…
စိတ်ဝင်စားဖွယ်
သမိုင်းကြောင်း ဒဏ္ဍာရီ
စီကာစဉ်ကာ ဒီလိုအလှတရားပေါ့
…
ရှင်မိယာနဲ့
ကုမ္မာဘယတို့ထားခဲ့တဲ့ ချစ်ခြင်းမေတ္တာဟာ
ပုန်းတလုတ်ကန်ထဲမှာ
ကြည်နူးဖွယ်ရာပြည့်လျှံနေဆဲ …
ဂူ ဘုရား ကျောင်း
ကန်
မြို့တစ်မြို့ရဲ့
ကြန်အင်လက္ခဏာအဖုံဖုံနဲ့ပေါ့
ဆေးရောင်စုံ
နယ်ချဲ့မှုတွေကိုတော့ ကြံ့ကြံ့ခံရရှာတယ် …
သူဟာ …
တစ်ပတ်တစ်ခါ
သောကြာနေ့တိုင်း ၀တ်မတက်ဘူး …
တနင်္ဂနွေရက်ရောက်တိုင်း
ကျေးဇူးတော်ကို မအောက်မေ့ဘူး …
အနန္တောအနန္တငါးပါးကိုသာ
အကြိမ်ကြိမ်ရည်စူးလို့
ကိုယ့်အတွက်ပါမယ့်
တရားထူးကို နေ့စဉ်အာရုံပြုတယ် …
ရာထူးဂုဏ်ဒြပ်
မခြွဲ့ခား မသတ်မှတ်
အယုတ် အလတ် အမြတ်မရွေး
အသွေးအရောင်
ဘာကိုမှမတွေးဘဲ
နွေဆို အေးပြီး
… ဆောင်းဆို နွေးထွေးစေတဲ့
ဒီလိုတောင်ပေါ်အိမ်ကလေးပေါ့
…
တိမ်တွေကိုတောင်
ထိနမ်းတော့မတတ်
ကြီးမားမြင့်မြတ်တဲ့
ဒီလိုသဒ္ဒါတရားပေါ့…
လေးစားလောက်စရာ
ဧည့်ဝတ်ကျေပွန်မှုနဲ့
အဝေးကြီးကလာတဲ့
ခရီးသွားတွေကို ပျူငှာပြုစုတယ် …
ဒါပေမယ့် သူဟာ
မပူဆာတတ်တဲ့
ကလေးတစ်ယောက်ပေါ့ …
ရွယ်တူတွေကြားထဲ
အခုထိ လူလားမမြောက်သေးဘူး …
တစ်မူးရှိလို့
တစ်ပဲလှူစိတ်ထားနဲ့
ပကာသနမဲ့တဲ့ဘ၀မှာ
ဒီလိုနေသားတကျပေါ့ …
သူများနဲ့ယှဉ်ရင်
ကိန်းဂဏန်းတွေမှာတော့ အနှုတ်လက္ခဏာပြလို့ …
ပင်လယ်ရေမျက်နှာပြင်အထက်
ပေ ၃၈၀၀ ကျော်မှာ
ဒီလို လေသံဝဲ၀ဲလေးတွေ
ပျော်ရွှင်သာယာတဲ့ဒေသ …
သူ့ရင်ခွင်ကို
ခြေချမိရင် ပိုသိလိမ့်မပေါ့ …
သစ္စာတရားဟာ ခေါင်းမော့ကြည့်လေရာမှာ
စိမ်းလန်းလို့ …
ငြိမ်းချမ်းခြင်းဟာ
ရှုလေရာ တမျှော်တခေါ်မှာ လဲလျောင်းလို့ …
ကျွန်တော်တို့အားလုံးလိုက်ရှာနေတဲ့
အေးချမ်းမှုဟာ
သူ့ဆီမှာတော့
မွေးရာပါသင်္ကေတ …
သူ့နာမည်ကို
ဒီလို ဖွဖွလေးရွတ်လိုက်တာနဲ့
သူရဲ့ ရိုးသားမှုတွေပါ
ခင်ဗျားဆီကူးစက်လာမယ် …
တကယ်တော့ …
သူဟာ မြို့တစ်မြို့သက်သက်ဆိုတာထက်ကို
အများကြီးပိုနေခဲ့တာ တကယ် …
အများကြီးပိုနေခဲ့တာ တကယ် …
……………………..
စိုးသူရ
(20-4-2014)
No comments:
Post a Comment