Wednesday, February 10, 2016

“စွဲလမ်းမှုဟာ ... နေရောင်လိုတောက်ပလို့ …”

မတွေ့ရတာကြာပြီနော်လို့ မင်းပြောတဲ့အခါ
ဘယ်တော့မှ မင်းအနားကနေ
ဟိုးအဝေးကြီးကို လွင့်ပျံ့မသွားဖူးတဲ့
ကိုယ့်လိပ်ပြာကို အလိုလိုအားနာမိတယ် …

အချစ်မှာ
ကိုယ်ဟာ ပိုင်းခြေ ၁၀၀ နဲ့
အမြဲအောင်မြင်နေခဲ့သူ …

အတူတူနေရမှ နွေးထွေးမှုတဲ့လား …
အေးစက်မှုတွေကြားမှာ
ကိုယ်တော့ နေသားတကျ ဖျားနာခဲ့တာကြာပြီ …

ဟုတ်တယ် …
ပြန်မလာတဲ့ သတိတရစာတိုလေးတွေဖတ်ရင်း ဖျားတယ် …

အမှားမပါအောင် ကြိုးစားပြီးပြောရတဲ့
စကားစမြည်လေးတွေကို လွမ်းတယ် …

လိုအပ်မှ အသံမြည်လာတတ်တဲ့
ဖုန်းနံပါတ်လေးကို မှန်းပြီး မျက်ရည်ဝဲတယ် …

မင်းအတွက်တော့ တစ်ရာသီစာပေါ့
ကိုယ့်အတွက်တော့ တစ်ဘ၀ တစ်ကမ္ဘာစာ …

နံနက်ခင်းတွေမှာ
ကြည်လင်သောစိတ်နှလုံးနဲ့ အိပ်ရာထတယ် …

အသက်ရှင်ခြင်းရဲ့ အဓိပ္ပါယ်တစ်ခုအဖြစ်
အလုပ်လုပ်တယ် …

ရယ်စရာရှိတဲ့အခါ
အားရပါးရ ရယ်မောတယ် …

အဆင်ပြေသလို
စားတယ် သောက်တယ် …

နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်တယ် …

မင်းမကြိုက်တဲ့ မြန်မာဝတ္ထုတွေ
များများဖတ်တယ် …

မင်းကြိုက်တဲ့ နိုင်ငံခြားဇာတ်ကားတွေ
ရုံမှာသွားကြည့်တယ် …

စိတ်လိုလက်ရရှိတဲ့အခါ
ကိုယ်လက်လှုပ်ရှားတယ် …

စိတ်လှုပ်ရှားတဲ့အခါ
နှုတ်ခမ်းကိုကိုက်ပြီး ခေါင်းခါပစ်လိုက်တယ် …

ဒီလို နိစ္စဓူဝတွေထဲ
မင်းအကြောင်းကိုလည်း
မပျက်မကွက်တွေးရသေးတယ် …

ကိုယ့် ၂၄ နာရီဟာ
မင်းကို လွမ်းစိတ်နဲ့ ပုံမှန်မလည်ပတ်ပေမယ့် …

မင်းထားခဲ့တဲ့ အမှတ်တရတွေနဲ့
အရင်နေရာမှာ
အရင်လို
ရှင်သန်နေရစ်တယ် …

အချစ် ...

တင်းထားတဲ့ မာနကို
တစ်ဆင့်ချင်းစီ
အရည်ပျော်စေခဲ့သော နေရောင်ခြည်ဟာ
မင်းပါပဲ …

‪#‎SoeThuRa‬
(10-2-2016)

Monday, January 25, 2016

"ဝေးနေတဲ့ ... ရက်တွေမှာ"

လွမ်းစိတ်က
ဟိုးဝေးဝေးက မိုးသားလို အုံ့ဆိုင်းတယ် ...

ချစ်စိတ်က
သစ်ရိပ်မှာ ပွင့်တဲ့ ပန်းတွေလို ဝေဆာမြဲ ...

ရင်ထဲက စိုးရိမ်စိတ်ဟာ
နေလိုပဲ ...
တငွေ့ငွေ့နဲ့ ကျွမ်းလောင်မဆုံး ...

အတူနေချင်စိတ်က
စက္ကန့်နဲ့အမျှ ဒီရေလို တရိပ်ရိပ် ...

အိပ်မက်တွေကို
နှစ်ဦးသဘောတူ ချိုမြစေချင်ရုံသက်သက် ...

သံယောဇဉ်ဟာ
အသာအယာ ဆုပ်ကိုင်ဖူးတဲ့ လက်ဖ၀ါးထဲ
တိတ်တိတ်ကလေး ခိုင်မြဲလို့ ...

ကိုယ့်ဆီ
သူပြန်လာမယ့်အချိန်ကို
တိမ်တွေကို ငေးကြည့်ရင်းပဲ မျှော်နေမိတယ် ...

‪#‎SoeThuRa‬
(25-1-2016)

Wednesday, January 6, 2016

"အချစ်ဟာ မီးပွိုင့်မှာ ချာချာလည် ..."


မစိမ်းချင်ဘဲ
စိမ်းပေးလိုက်ရတဲ့ နားလည်မှုတွေ ...

မ၀ါချင်ဘဲ
ဝါလိုက်ရတဲ့ မပြတ်သားခြင်းတွေ ...

မနီချင်ဘဲ
ရဲရဲတောက်ခဲ့ရတဲ့ အတ္တတွေ ...

အလှည့်ကျ နေ့စဉ်တေးသွားနဲ့
သူလက်ခံပါ့မလားဆိုတဲ့ ဆုတောင်းတွေ ...

အနေကြာလာရင်
အဆင်ပြေသွားမှာပါဆိုတဲ့
မှိတ်တစ်ခါ လင်းတစ်လှည့် မျှော်လင့်ချက်တွေ ...

ဖြတ်မှာလား ...
ကူးမှာလား ...
ရပ်လိုက်မှာလား ...

တွေဝေသူဟာ
ဒဏ်ရာအရဆုံးပဲပေါ့ ...

သူ့မျက်ဝန်းနက်နက်တွေကိုပဲ
ဝမ်းနည်းစိတ်နဲ့ မော့ကြည့်နေမိတယ် ...
-----
‪#‎SoeThuRa‬
(6-1-2016)

Wednesday, October 14, 2015

"အရာရာကို ကျေးဇူးပဲ အချစ်"

အချစ်က
ကိုယ်သိပ်ကြိုက်တဲ့ အမှားပေါ့ ...
သိပ်လှလွန်းလို့ အကြိမ်ကြိမ်ကျူးလွန်နေမိတယ် ...
နှလုံးသားမှာ ကြက်ခြေခတ်တွေ အပြည့် ...

အချစ်က
လွှင့်မပစ်ရက်တဲ့ ရက်လွန်သံယောဇဉ်လေးပေါ့ ...
သိပ်ကြိုက်လွန်းလို့ သိမ်းထားခဲ့မိတာ တယုတယ ...
ဘယ်ဘက် အိပ်ကပ်အောက်ဟာ သူ့ရဲ့နေရပ်လိပ်စာ အတိအကျ ...

အချစ်က
ရောက်ဖူးတဲ့ တောင်ပေါ်မြို့ကလေးပေါ့ ...
အေးချမ်းလှပလွန်းလို့ ခဏခဏထပ်သွားနေမိတယ် ...
ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၅၀၀ တိတိဟာ
ကိုယ့်အတွက် ပကတိလောကနိဗ္ဗာန်ပဲ ...

အချစ်က
တစ်ထောင့်တစ်ညပုံပြင်ပဲ ...
ညစဉ်ညတိုင်း နားထောင်နေရတာတောင် ရင်ခုန်နေတုန်း ...
ဘယ်အချိန်ဇာတ်သိမ်းသွားမလဲ စိုးရိမ်နေရတယ် ...

အချစ်က
နည်းနည်းလေးအက်နေတဲ့ နောက်ကြည့်မှန်ပဲ ...
ဘဝရဲ့ အကွေ့အကောက်တွေကြုံတိုင်း
အားကိုးတကြီး လှမ်းကြည့်မိတယ် ...
သူမရှိရင် ကိုယ့်အတ္တတွေဟာ တစ်ခုခုနဲ့ ဝုန်း ခနဲ ဝင်တိုက်မိတော့မှာ အသေအချာ ...

‪#‎SoeThuRa‬
(14-10-2015)

Wednesday, September 16, 2015

"၀င်္ကပါ"


ဓားတစ်လက်ရဲ့ လက်ကိုင်ရိုးထက်
သူရဲ့ အသွားကို ပိုဂရုစိုက်ရသလိုမျိုးပေါ့ …

လက်ဆွဲနှုတ်ဆက်နေရင်း
အပြုံးနောက်ကွယ်က အဓိပ္ပါယ်တွေကို မှန်းဆနေရတယ် …

သူလိုကိုယ်လိုတွေ များလာတဲ့ခေတ်မှာ
မေတ္တာတရားစစ်စစ်တို့
ကိုယ်ချင်းစာတရားအသစ်တို့ဆိုတာ
မရှိသလောက်ကို မျိုးတုန်းပျောက်ကွယ်လုနီးပါး …

အမှန်တရားဟာ
မျက်စေ့ကို ပုဝါပါးပါးလေး အမြဲအုပ်ထားခံရတယ် …

ဖုံးကွယ်နိုင်သမျှကို ဖုံးကွယ်ထား
လှည့်ဖျားနိုင်သမျှကို လှည့်ဖျား …

တရားမျှတမှုကို တရားမမျှတသူတွေက
ပိုပြီး လိုချင်နေကြတဲ့ရက်စွဲများ …

ဖျားနာမှုဟာ
ငွေသံကြေးသံကြားရင် ပို ပို အရှိန်တက်လို့ …

သိက္ခာထက် ရိက္ခာကို စုဆောင်းနေကြသူတွေကြားမှာ
ကိုယ်လည်း တစ်ခါတလေဆို မျက်စေ့လည်လမ်းမှားချင်နေတယ် …
-----------------

‪#‎SoeThuRa‬
(16-9-2015)

Saturday, August 22, 2015

"အချစ်ဟာ ကိုယ် အကြိမ်ကြိမ်စိတ်ကူးနဲ့ ချရေးထားတဲ့ ကဗျာ"

စကားတွေအများကြီးမပြောဖြစ်တဲ့အခါ
တစ်ယောက်အသက်ရှူသံကိုတစ်ယောက်
အသေအချာနားထောင်ဖြစ်ကြတယ် ...

ချစ်တယ် ဆိုတဲ့စကားကို
ဂါထာမန္တန်တစ်ခုကို အကြိမ်ကြိမ်ရေရွတ် ...
တယ်လီဖုန်းလေးလည်း
တဖြည်းဖြည်း အလွမ်းတွေစိုစွတ်နေပြီ ...

မိုင်တွေခြားထားတဲ့အခါ
သတိရခြင်းဟာ မိုးတိမ်တွေဖြစ်လာတယ် ...
မျက်ဝန်းထဲမှာ အချိန်မရွေး ရွာချလိုက်ဖို့ အဆင်သင့် ...

အခန့်မသင့်ရင်
ဟယ်လိုတစ်ချက်နဲ့တင်
ကိုယ့်နှလုံးသားဟာလည်း စိုးရိမ်ရေအမှတ်မှာ တလွန့်လွန့် ...

ချစ်သူအတွက်နဲ့
ကိုယ်က ဘာကိုမှ စွန့်လွှတ်မှာမဟုတ်ဘူး ...
ချစ်သူနဲ့အတူလက်တွဲပြီး
အရာရာကို ပိုင်ဆိုင်ဖို့ကြိုးစားချင်တဲ့သူ ...

ကြည်ကြည်ဖြူဖြူပေးထားတဲ့ ကတိ
လူတွေအများကြီးသိစရာမလိုတဲ့ တူနှစ်ကိုယ်သစ္စာ
အပြန်အလှန်ထားရှိတဲ့ မေတ္တာတရား ...
အချစ်ဟာ
ကိုယ် အကြိမ်ကြိမ်စိတ်ကူးနဲ့ ချရေးထားတဲ့ ကဗျာပဲ ...

နေ့ည စိတ်ကူးအိပ်မက်တွေဟာလည်း
သူ့ရယ်သံတွေနဲ့ပဲ အသက်ဆက်လို့ ...
.....................

‪#‎SoeThuRa‬
(22-8-2015)

Wednesday, August 19, 2015

"သိပ်နေလို့ မကောင်းတဲ့နေ့တွေမှာ ကိုယ်တို့ဝေးနေကြတယ် ..."

အချစ်အကြောင်းပြောနေရင်းနဲ့
ဖျားနာခြင်းဟာ ကိုယ့်ဆီရောက်လာတယ် …

အဖျားသွေးဟာ
သူ့ဆီက ဖုန်းမြည်သံတွေကြားမှာ တဒိတ်ဒိတ်တိုးလို့ …

အစိုးမရတဲ့ အတွေးမှာ
ကိုယ်ပူနေတာ ဘယ်လောက်ကြာပြီလဲ …

လည်ချောင်းထဲက စကားလုံးတွေခြောက်ကပ်
"မင်း ချစ်မှချစ်ပါ့မလား" ကို Loop ပတ်ပြီးနားထောင် …

အလွမ်းဟာ
အိပ်ချင်ယောင်ဆောင်နေတဲ့ ယုန်ကလေးပဲ …

လည်တိုင်က သွေးကြောလေးတွေကို တို့ထိစရာမလို
နဖူးကို ဖွဖွလေးနမ်းပြီး ယုယစရာမလို
လက်ဖ၀ါးကို ဆုပ်ကိုင်ပြီး အားပေးစရာမလို ....

မိုင်တိုင်များစွာကိုဖြတ်ပြီး ခုတ်မောင်းလာတဲ့
နေကောင်းရဲ့လား ဆိုတဲ့ မေးခွန်းအဆုံးမှာ
အရာရာဟာ အပြုံးတစ်ချက်နဲ့ အဆုံးသတ် …

ဘယ်သူမှမသိတဲ့
ကိုယ့်ရဲ့ လျှို့ဝှက်နံပါတ်ဟာ မင်းပေါ့ …

နှလုံးသားကို သော့ခတ်ဖို့
အမြဲမေ့လျော့နေခဲ့တယ် …

‪#‎SoeThuRa‬
(19-8-2015)

Thursday, August 13, 2015

"ကိုယ်တို့ဟာ ဗိုက်ဆာနေတဲ့ ပင်ဂွင်းတွေ"

ဝင်ရိုးစွန်းတော့မဟုတ်ဘူး …
ဒါပေမယ့် ခံစားချက်တွေအေးခဲတဲ့ဒေသမှာ
ကိုယ်တို့ နေထိုင်ကြတယ် …

စားစရာငါးတွေလည်း မရှိတော့ဘူး …
ဒါပေမယ့် ရေထဲကိုပဲ အကြိမ်ကြိမ်ဆင်းနေမိတုန်း …

ဆာလောင်မှုကို တရားနဲ့ဖြေတယ် …
မာနတွေ မျက်စေ့ရှေ့မှာမြင်နေရတဲ့ ရေခဲပြင်ကြီးလို
အရည်ပျော်မြန်လွန်းတာကိုတော့ ဘာနဲ့မှ ဖြေမရဘူး …

သယံဇာတဆိုတာ
ကြားဖူးနားဝ အိပ်ရာဝင်ပုံပြင် …
တစ်ခါမှ မမြင်ဖူးဘဲ ဂုဏ်ယူလို့မဆုံးဘူး ....

ပျံသန်းဖို့ကြိုးစားရင်း
မပျံသန်းတတ်တာကို မေ့နေသလိုမျိုး …

ကိုယ့်ဇာတိမျိုးရိုးကို
ကိုယ်ပြန်သတိမရနိုင်ခဲ့တဲ့ ဒီလိုနေ့ရက်တွေ …

ပင်လယ်ကြီးလို နေရင်
ပင်လယ်ကြီးလို ပြန်ရမှာတဲ့လား …
ဆားငန်ရေဟာ ဘယ်တော့များမှ ချိုမြိန်မှာမို့လို့လဲ …

ခံစားချက်တွေအေးခဲတဲ့ဒေသမှာ
ကိုယ်တို့တွေ သိမ်ငယ်စွာ နေထိုင်ကြတယ် …
--------

#SoeThuRa

(13-8-2015)

Saturday, August 8, 2015

ထားလိုက်ပါတော့ ကျွန်တော်တို့ဟာ လူပျက်တွေ


၈၈ မှာ ကျွန်တော့်အသက်လေးနှစ်
ကျွန်တော်လူမဖြစ်သေးဘူး ...

၉၈ မှာကျွန်တော့်အသက် ဆယ့်လေးနှစ် ...
လူမဖြစ်တဖြစ် ...
ခေတ်က ပျက်နေပြီ ...

၂၀၀၈ မှာ ကျွန်တော့်အသက့်နှစ်ဆယ့်လေးနှစ် ...
ခေတ်ကို သိတယ် ...
အခြေအနေကို သဘောပေါက်တယ် ...
အရာရာကို နားလည်တယ် ...
ဒါပေမယ့် ဘယ်မှာလဲ ...
ကျွန်တော့်လက်ထဲမှာရှိတဲ့ ရွေးချယ်ခွင့်များများစားစား ...

မျိုးချစ်စိတ်ကို အသာထား ...
ထမင်းနပ်မှန်အောင်စားဖို့က အရေးကြီးတယ် ...

နိုင်ငံရေးကို အသာထား ...
ထမင်းမငတ်အောင် ပညာတတ်ဖို့က အရေးကြီးတယ် ...

ခေတ်ကို စိတ်ကုန်လို့
တိုင်းပြည်ကို ကယ်တင်ချင်လွန်းလို့ ...
ကျွန်တော်တောထဲဝင်ရမှာလား ...
အလင်းရောင်ကိုကျောခိုင်းလိုက်ရမှာလား ...
တောထဲမှာ ဒီမိုကရေစီရှိသလား ...
အမှောင်ထဲရောက်တာနဲ့ လိုချင်တာတွေရရောလား ...
ဘယ်သူမှ ကျွန်တော်တို့ကို နားလည်အောင် ပြောပြမထားဘူး ...

တစ်ခုခုတော့မှားနေပြီ ...

ဘာတဲ့ ... ကျွန်တော်တို့မျိုးဆက်ဟာ
ခေတ်ပျက်မှာကြီးပြင်းလာတဲ့ လူပျက်တွေဟုတ်လား ...

နိုင်ငံရေးသမားဆိုတာဖြစ်ဖို့
တောင်းဆိုမှုရှိတဲ့ ခေတ်ဆိုတာလိုတယ် ...

အတိုက်အခံတစ်ယောက်ဖြစ်ဖို့
ဖိနှိပ်ချုပ်ခြယ်တဲ့ စနစ်ဆိုတာလိုတယ် ...

အမျိုးကို ချစ်ပါတယ် ...
တိုင်းပြည်ကိုလည်းချစ်ပါတယ် ...
ပြီးတော့ ကိုယ့်ကိုယ်ကိုယ်လည်း ချစ်တယ် ...

ခေတ်နဲ့ စနစ်ကို မချစ်လို့
ကိုယ့်ကိုယ်ကိုယ်နှစ်ပစ်လိုက်ရမှာလား ...

နေရောင်ခြည်တောင် ပြည့်ပြည့်၀၀မခံစားရဘဲ
အကြောက်တရားအောက်မှာ ဖူးပွင့်လာရဲခဲ့တဲ့ပန်းတွေ
တိုင်းပြည်ကို အလှမဆင်နိုင်ရင်နေ ...
အဆိပ်ပန်းတွေတော့ ဘယ်တော့မှ မဖြစ်စေရဘူး ...

တားဆီးပိတ်ဆို့ထားတဲ့ တံခါးတွေကြားက
တောက်ပအောင်ကြိုးစားခဲ့ရတဲ့ မျှော်လင့်ချက်တွေ
တိုင်းပြည်ကို လင်းချင်းသွားအောင် မလုပ်နိုင်ရင်နေ ...
ပိုမှောင်သွားအောင်တော့ ဘယ်တော့မှ မလုပ်ခဲ့ဘူး ...

ဒါနဲ့တောင် တိုင်းပြည်ကို သိပ်ချစ်တဲ့ ခင်ဗျားက ပြောရက်တယ် ...
မင်းတို့ဟာ လူပျက်တွေဟုတ်လား ...

ထားလိုက်ပါတော့ ...
ကျွန်တော်တို့က လူပျက်တွေ ...
ဒါပေမယ့် လူပျက်တွေဖျက်လို့ တိုင်းပြည်မသေဘူး ...
ထပ်ပြောမယ် ...
လူပျက်တွေဖျက်လို့ တိုင်းပြည်ဘယ်တော့မှမသေဘူး ...
မသေခဲ့ဘူး ...
ဘယ်တော့မှလည်း သေမှာမဟုတ်ဘူး ...
အားလုံး ဒီလိုပဲ စူးစူးရဲရဲယုံကြည်ထားတယ် ....
----------------------

စိုးသူရ
(၈-၈-၂၀၁၃)

Wednesday, June 17, 2015

"အလွမ်း-၃"

ပေကျံနေပေမယ့်
လွှင့်ပစ်လိုက်ရမှာစိုးလို့
ဆက်သုံးနေရတဲ့ တစ်သျှူးတစ်ရွက်မှမဟုတ်ဘဲ ...

အချိုကုန်သွားပေမယ့်
ထွေးထုတ်ပစ်ရမှာစိုးလို့
ဆက်ဝါးနေမိတဲ့ ပီကေတစ်ခုမဟုတ်ဘဲ ...

နာကျင်နေပေမယ့်
နှုတ်ပစ်လိုက်ရမှာစိုးလို့
တယုတယကုသနေရတဲ့ သွားပိုးပေါက်လေးမှမဟုတ်ဘဲ ...

သေဆုံးသွားပေမယ့်
ခုတ်ပစ်လိုက်ရမှာစိုးလို့
ဆက်ပြီး ရေလောင်းနေရတဲ့ သစ်ပင်တစ်ပင်မှမဟုတ်ဘဲ ...

ပြတ်တောက်သွားပေမယ့်
အကြည့်ကိုလွှဲလိုက်ရမှာစိုးလို့
ဆက်ပြီးကိုင်ထားမိတဲ့ ရစ်ဘီးလေးမှမဟုတ်ဘဲ ....

တို့နှစ်ယောက်ထဲသိတဲ့
သံယောဇဉ်နဲ့ နှောင်တွယ်မှုဟာ ...
အချိန်ကာလရဲ့ စမ်းသပ်မှုကို ကောင်းကောင်းခံနိုင်ရည်ရှိမယ် ...
ပတ်ဝန်းကျင်ရဲ့ အတင်းအဖျင်းတွေကြားမှာ ကောင်းကောင်းရှင်သန်နိုင်မယ် ...
သူစိမ်းတွေရဲ့ စူးစမ်းတဲ့ အကြည့်တွေအောက်မှာ ကောင်းကောင်းရပ်တည်နိုင်မယ် ...
ထင်မှတ်မထားတဲ့ အပြောင်းအလဲတွေနဲ့အတူ ကောင်းကောင်းလိုက်ပါစီးမျောနိုင်မယ် ...
ဒီလိုထင်ခဲ့တယ်ပေါ့ ...

ဒါပေမယ့်လည်း
အရာရာဟာ အလွဲကြီးလွဲခဲ့တယ် ...
အမှတ်တရတွေဟာလည်း အလွမ်းအဆွေးများသာ ချန်ခဲ့တယ် ...

‪#‎SoeThuRa‬
(17-6-2015)

Monday, May 18, 2015

အရင်ကျောခိုင်းသွားသူဟာ ဘယ်တော့မှ မနိုင်ခဲ့ဘူး ...


ကျန်နေရစ်မှာလား ...
ချန်နေရစ်မှာလား ...
ကိုယ့်ကိုယ်ကိုယ် အရင်ဆုံးမေးမိတယ် ...

တစ်ခါတလေ
ဇာတ်သိမ်းဆိုတာ
ကိုယ်က ပြတ်သားဖို့ ဆုံးဖြတ်လိုက်ပြီးကာမှ
ခြေလှမ်းတွေက ရှေ့ဆက်မရတာမျိုး ...

ကိုယ်က လက်ပြဖို့ တွေးပြီးကာမှ
သူက အရင်ကျောခိုင်းသွားတာမျိုး ...

နောက်ထပ်မေးစရာတွေ ကုန်သွားတာလား ...
နောက်ထပ်ဖြေမှာတွေကို မယုံတော့တာလား ...

မဆုံနိုင်တော့ဘူးဆိုတာ သိသိနဲ့
ကံတွေ မကုန်သေးဘူးလို့ပဲ ခေါင်းမာလို့ကောင်းတုန်း ...

ဝင်တော့မယ့် နေလိုပေါ့ ...
နောက်ဆုံးမြင်ရတဲ့ အပြုံးတွေဟာ လှပလွန်းတယ် ...

ဘယ်သူမှ မနိုင်ဘူးဆို
နှစ်ယောက်စလုံး ရှုံးလို့ပဲပေါ့ ...

ဒီ ဇာတ်လမ်းလေးအပြီး
ကိုယ့်မာနကိုယ် ပြန်ပြီး အံ့သြတကြီး ထိတ်လန့်လို့ ...


#SoeThuRa
(18-5-2015)

Saturday, May 16, 2015

ရန်ကုန်မှာ-၎

Smart ဖုန်းတွေလက်ထဲကိုင်ထားလိုက်ရုံနဲ့
ဘ၀က Smart ကျသွားပြီတဲ့လား ...
PCO ဖုန်းရုံလေးက ငေးကြည့်နေတယ် ...

Refresh လုပ်လိုက်ရုံနဲ့
Timeline ပေါ်က နောင်တတွေ အကုန်ပျောက်ပြီး
မျှော်လင့်ချက်အသစ်တွေ Newsfeed မှာပေါ်လာရင်လည်း အကောင်းသား ...

ဘ၀က အခုတလော Notification သိပ်မတက်ဘူး ...
ကိုယ့်အကြောင်းကိုယ် ပြန်ချရေးရတာနဲ့ ...
ကိုယ့်အတ္တကိုယ် ဓာတ်ပုံပြန်ရိုက်ရတာနဲ့ ...
နေ့စွဲတွေဟာ Selfie သံသရာထဲကကို မထွက်ဘူး ...

အသက်ကို ၀၀ ရှူချင်တယ် ..
သစ်ပင်တွေမှာ အောက်ဆီဂျင်မရှိတော့ဘူး ...

အနာဂတ်ဆီ ဖြောင့်ေ့ဖြာင့်တန်းတန်းလျှောက်ချင်တယ် ...
လမ်းမကြီးတွေမှာ ပလက်ဖောင်းမရှိတော့ဘူး ...

ခံစားချက်အဟောင်းတွေကို လွှင့်ပစ်ချင်တယ် ...
အမှိုက်ပုံးတွေဟာ မနေ့ကအတွေးတွေနဲ့ ပြည့်နှက်နေဆဲ ...

မနက်ဖြန်ဆီ တန်းတန်းမတ်မတ်ကူးဖြတ်ချင်တယ် ...
လမ်းလယ်ခေါင်မှာ ကွန်ကရစ်တုံးတွေက အစီအရီ ...

နာရီ မပတ်ဖြစ်တာကြာပြီ ...
ဖုန်းနံပါတ်တွေ ဦးနှောက်ထဲမရှိတာကြာပြီ ...
အမှတ်တရတွေ နှလုံးသားထဲ မထည့်ဖြစ်တာကြာပြီ ...

မနက်ဖြန် မနက်စောစောထဖို့
Alarm ပေးပြီး ညဥ့်နက်တဲ့အထိ နေရဦးမယ် ...
---------------

‪#‎SoeThuRa‬
(16-5-2015)

Thursday, May 7, 2015

ရန်ကုန်မှာ-၃


ကုန်းကျော်တံတားကြီးတွေ ဆောက်လိုက်ရုံနဲ့
အရာရာဟာ အဆင်ပြေချောမွေ့သွားပြီလား ...
စပါးတွဲရောင်းတဲ့ကောင်လေးက စဉ်းစားနေတယ် ...

အထပ်မြင့်တိုက်တွေ များလာရုံနဲ့
လူနေထိုင်မှု အဆင့်အတန်းတွေမြင့်သွားပြီလား ...
ဓာတ်ကြိုးပေါ်နားနေတဲ့ ခိုလေးတွေက အတွေးများနေတယ် ...

မီးရောင်စုံတွေ ပိုလင်းလာရုံနဲ့
ကိုယ့်ကျင့်တရားတွေ ပိုတောက်ပြောင်သွားပြီလား ...
အမှောင်ထဲက ပိုးဖလံလေးတွေက သိချင်နေကြတယ် ...

အကောင်းစားအမှတ်တံဆိပ်တွေကို ဝတ်ဆင်လိုက်ရုံနဲ့
ဂုဏ်သိက္ခာတွေ ပိုတန်ဖိုးကြီးသွားပြီလား ...
ပလက်ဖောင်းပေါ်မေးတင်ထားတဲ့ ခွေးလေးတစ်ကောင်က တိတ်တဆိတ်မေးခွန်းထုတ်နေတယ် ...

ဘဝတွေဟာ
အပူရောင်တွေကြားမှာ
အေးချမ်းရာကို ကိုယ့်အဓိပ္ပါယ်နဲ့ကိုယ် ရှာနေကြဆဲ ...

‪#‎SoeThuRa‬
(6-5-2015)

Wednesday, April 22, 2015

"ပင်လယ်"


ဇာတ်လမ်းဟာ
နဖူးစပ်က ချွေးစက်လေးတွေက စတာပဲ ...

အနမ်းဟာ
နှုတ်ခမ်းဖျားတွေမှာ
ချိုမြိန်သာယာစွာ ဖူးပွင့်လို့ ...

လွင့်နေတယ်
ဘယ်သူမှ မရှိတဲ့ လေဟာနယ်ထဲ နှစ်ယောက်အတူ ...

အပေးအယူ အညီအမျှ ...
တစ်ယောက်ကို တစ်ယောက် ဖေးဖေးမမ ...

အထိအတွေ့က
စက္ကန့်တိုင်းမှာ လှလှပပ ထူးခြား ...

ခြေဖျား လက်ဖျားတွေ
အလိုလိုနေရင်း တုန်ရီအေးစက် ...

အပြန်အလှန်ထွက်သက်အောက်မှာ
တင်းထားတဲ့ မာနတွေ ပြေလျော့ ...

သက်ပြင်းကို ဖျော့ဖျော့လေးချ ...

ဒီညလေး ကုန်သွားမှာ စိုးရိမ်စိတ်နဲ့
တစ်ယောက်ကို တစ်ယောက် အရိပ်တကြည့်ကြည့် ...

ငြိသွားတာလား
မိသွားတာလား ...
ခွဲခြားလို့ မသိသေးခင်
နှစ်ဦးသားရဲ့ ဆင်ခြင်တုံတရားတွေကို ရိုက်ချိုး ...

တိတ်တခိုး နယ်မြေတစ်ဖက်စီ
ကြည်ကြည်နူးနူး ရောက်ရှိလာတဲ့ အိပ်မက် ...
ခုထိ မက်လို့ ကောင်းနေတုန်း ...

အမှောင်ထုကို ရင်ခုန်အပြုံးတွေနဲ့
အသေအချာ လင်းပစ်လိုက်တော့တယ် ...

‪#‎SoeThuRa‬

(22-4-2015)

Monday, March 30, 2015

မြစ်


ပြုသူအသစ် ဖြစ်သူအဟောင်းလား …
ဘယ်သူမပြု မိမိမှုလား …

မေတ္တာပို့ဆုတောင်းသံတွေကြားမှာ
တောင်းဆုတွေ မပြည့်ခဲ့တာလည်းကြာပြီ …

အချိန်ရာသီတွေ ပြောင်းတိုင်းလည်း
မပြောင်းလဲသေးတဲ့ ခံစားချက်အဟောင်းနဲ့
နှစ်ဟောင်းက အဖြစ်အပျက်အဟောင်းလေးတွေကို
ဒိုင်ယာရီအသစ်မှာ မျှော်လင့်ချက်အသစ်နဲ့ချရေးချင်စိတ်သက်သက် …

ဘ၀ဆိုတာကို
ဘယ်လိုဆက်ပြီး ရေးဖွဲ့မလဲ ...

သံယောဇဉ်ဆိုတဲ့စာလုံးဟာ
ဘယ်တော့များမှ ကိုယ့်ကို နွေးထွေးကြင်နာမလဲ …

တရှိုက်မက်မက် မက်ခဲ့ရတဲ့ အိပ်မက်ဟာ
ဘယ်လိုအချိန်မှာ ရုတ်တရက် တောက်ပလာမလဲ ...

အတွေးထဲမှာတောင်
ရဲရဲဝံ့ဝံ့ မတွေးရဲလွန်းလို့ ..
ကိုယ့်သိမ်ငယ်စိတ်ကို
ကိုယ်ကိုယ်တိုင် ထိတ်လန့်နေမိတဲ့ နေ့ရက်များ ...

လောကဓံဟာ
ကိုယ်ထင်ထားတာထက်
ပိုပြီးကွေ့ကောက်စွာ ခက်ခက်ခဲခဲ စီးဆင်းတယ် ...

#SoeThuRa

(30-3-2015)

Saturday, March 28, 2015

"---------"


စကားလုံးတွေဟာ
ကော်ဖီကို ပိုခါးစေတယ် ...
အတူတူမျက်နှာချင်းဆိုင်ပြီး
တိတ်တိတ်ကလေး ထိုင်နေမိတဲ့အခါ ...

သံသယဟာ
အတွေးကို ပိုအေးစက်စေတယ် ...
ရည်ရွယ်ချက်ရှိရှိနဲ့
လမ်းခွဲရမယ့် အရိပ်အယောင်တွေ ပြလာတဲ့အခါ ...

မျှော်လင့်ချက်ဟာ
ဘ၀ကို ပိုပြီး အရောင်မှိန်စေတယ် ...
နှစ်ယောက်အတူဆောက်ချင်တဲ့ အိမ်ကလေးဟာ
စိတ်ကူးယဉ်ကမ္ဘာရဲ့ အပြင်ဘက်ကို ရောက်မလာနိုင်တော့တဲ့အခါ ...

ဆုံးဖြတ်ချက်ဟာ
နှုတ်ဆက်အပြုံးကို ပိုပြီးသေချာစေတယ် ...
ခက်ခက်ခဲခဲ လုပ်ခဲ့ရတဲ့ ရွေးချယ်မှုတစ်ခုဟာ
လွယ်လွယ်ကူကူ ပြိုလဲသွားတဲ့အခါ ...

ရယ်မောခြင်းဟာ
ဆုံးရှုံးခြင်းကို ပိုပြီး နာကျင်စေတယ် ...
ဘယ်တော့မှ မဖြုတ်ဘူးလို့ သစ္စာဆိုခဲ့တဲ့ လက်ကလေးတစ်ဖက်
ကိုယ့်ကိုယ် အမှိုက်တစ်စလို စွန့်ပစ်သွားရက်တဲ့အခါ ...

#SoeThuRa
(28-3-2015)

Monday, March 9, 2015

Suicide




မျက်လုံးတွေကို
လိုလိုချင်ချင် မှိတ်ပစ်လိုက်ဖို့ …


အမှောင်ရိပ်မှာ
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပစ်လိုက်ဖို့ …

နာကျင်မှုကို
နွေးနွေးထွေးထွေး ချွေးသိပ်ပစ်လိုက်ဖို့ …

အတိတ်တွေကနေ
တိတ်တိတ်ကလေး ထွက်ပြေးဖို့ …

ကိုယ့်အကြောင်းကို
ကိုယ့်ဘာသာကိုယ် ပြန်မတွေးမိတော့အောင် …

ကိုယ့်အမှားကို
ကိုယ့်ဘာသာကိုယ် ပြန်မခံစားမိတော့အောင် …

ဆေးရောင်စုံမိုက်မဲမှုတွေဆီကနေ
အသေအချာ ... အပြီးအပိုင် ... ပြေးထွက် …

အသက်ရှူသံတွေကို
သူ့အလိုလို .... ရပ်တန့်ပစ်လိုက်ချင်ရုံသက်သက် ….
-----------
-------
----
‪#‎SoeThuRa‬
(9-3-2015)

Friday, February 27, 2015

လူ့ဘ၀ဟာ အရေးပေါ်အခြေအနေမှာ


တကယ်တော့
လူ့ဘ၀ဟာ
၂၄ နာရီ အရေးပေါ်အခြေအနေမှာ …

စက္ကန့်တိုင်းဟာ စိုးရိမ်စရာကောင်းနေတယ် …

မနာလိုခြင်း ဗိုင်းရပ်စ်တွေ အကိုက်ခံရမလား …
အစွယ်ငေါငေါလောဘတွေ စူးမလား …
ရူးရူးမိုက်မိုက် အချစ်ဆိပ်တက်မလား …
နောင်တတရားလောင်းရိပ်မှာ ပိတ်မိနေမလား …
သွားရည်တမြားမြားနဲ့ အတ္တတွေကြားမှာ လမ်းမှားနေမလား …
သံသယများစွာရဲ့ ထောင်ချောက်မှာ အသက်ပျောက်မလား …

ဆုပ်ရင်လည်းစူး …
စားရင်လည်းရူးမယ့် အနေအထား …
ပစ်ရမှာလည်း အဆီတ၀င်းဝင်း
စားရမှာလည်း တကယ့်ကို သဲတရှပ်ရှပ် …
အသက်ရှုသံတွေ ရပ်တန့်လိုက်ရမှာလည်း ကြောက်လန့် …
အသက်ရှုသံတွေ ဆက်ပြီးဆွဲဆန့်ရမှာလည်း စိုးရိမ် …

တကယ်တော့ လူ့ဘ၀ဆိုတာ ...
ရခဲလှတဲ့ လောကဓံရေတိမ် …
အိမ်ပြန်ချိန်အတိအကျနဲ့ ဒွိဟခရီးရှည် …
ဝေဒနာသီချင်းတွေရဲ့ နာကျင်ဖွယ်တေးသွား …

စတင်မွေးဖွားခြင်းနိဒါန်းကနေ
နေ၀င်ချိန်မရဏနိဂုံးအထိ
ဝမ်းသာလိုက် ၀မ်းနည်းလိုက် …
ပျော်ရွှင်တဲ့အခါ လှိုက်လှိုက်လှဲလှဲ ရယ်မော ..
ဝမ်းနည်းတဲ့အခါ ကြေကြေကွဲကွဲ ငိုရှိုက် …

ကိုယ်ကိုယ်တိုင် မသိလိုက်ခင်မှာပဲ
ကိုယ်ကိုယ်တိုင်ဆောက်ထားတဲ့ အသိုက်ကို
ကိုယ်ကိုယ်တိုင် လက်ပြနှုတ်ဆက် …

ဒီလိုနဲ့ …
ကိုယ့်ဆီရောက်လာမယ့် မနက်ဖြန်ဟာ
သိပ်ကို ... ထိ ခိုက် ကျိုး ပဲ့ လွယ်တယ်ဆိုတာ သိသိရက်နဲ့ မေ့လျော့နေခဲ့တယ် …
------------------

#စိုးသူရ

(27-2-2015)

Friday, February 13, 2015

ဘယ်လောက်ကြွေကြွေ အလင်းမှိန်မသွားတဲ့ ကြယ်စင်တွေရှိတယ်


တိမ်ညိုတွေ တိမ်မည်းတွေ
တစ်စတလေမှမရှိဘဲ
ရုတ်တရက် ကြဲပက်ရွာချတဲ့မိုးစက်တွေလို
တစ်ကိုယ်လုံး … ခြေအစ … ခေါင်းအဆုံး
အမုန်းတရားကြောင့်ကျတဲ့ သွေးတွေနဲ့ ရွှဲရွှဲစိုခဲ့တယ် …

နာကျင်မှုဝေဒနာတွေလည်း ကိုယ်စီနဲ့ပေါ့ …
တို့တွေမှာ အာဃာတအငြိုးတွေကနေ
ပြေးထွက်ခိုလှုံရာ ထီးအမိုးအကာ ပါမလာခဲ့ဘူး …

ဘုရားကို အာရုံပြုတယ် …
တရားကို ရှုမှတ်တယ် …
သံဃာကို အထပ်ထပ်ရည်စူးပြီး ..
မိဘနဲ့ ဆရာသမားကို ဦီးချတယ် …
ပြီးတော့ ဆုတောင်းတယ် …

ဘ၀အဆက်ဆက် …
တရားသဖြင့် ဆင်နွှဲသောစစ်မက်တိုင်းမှာ
နောက်ဆုံးမိနစ်အထိ ရွပ်ရွပ်ချွံချွံ ပါဝင်ရလိုပါ၏ …

နောက်တန်းမှာ ကျန်ခဲ့တဲ့ မိသားစု …
ပြုခဲ့ဖူးသော ကောင်းမှုကုသိုလ် …
အလိုလိုစီးကျလာတဲ့ မျက်ရည်စီးကြောင်း …
ကိုယ့်နံဘေးမှာ လဲလျောင်းနေတဲ့ သူငယ်ချင်း …

သက်ပြင်းကို နာကျင်စိတ်နဲ့ ခက်ခက်ခဲခဲချရင်း
ကတုတ်ကျင်းကို ခေါင်းအုံးအမှတ်ထား
နောက်ဆုံးမိနစ်များမှာ ဂုဏ်ယူစွာသီဆိုမယ် …
"ရဲသော်မသေ သေသော်ငရဲမလား …"

ချန်ထားခဲ့ရမယ့်
ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်လူမျိုးသားချင်း …
ချိန်ထားခဲ့ရမယ့်
ကိုယ့်ရေမြေနဲ့ ကိုယ့်တိုင်းရင်းသားတွေ …
ချန်ထားခဲ့ရမယ့်
ချစ်ဇနီးနဲ့ လူမမယ်ရင်သွေး …
ပြီးတော့ ….
နောက်ထပ်မွေးဖွားလာဦးမယ့် မျိုးဆက်သစ် …
အကာကအချစ် အနှစ်ကမေတ္တာ …
နှစ်ဖက်အဘိုးအဘွားတွေကတော့ ကြည့်ရှုစောင့်ရှောက်ကြမှာပါ …

ထိန်းမထားနဲ့ … ငိုချလိုက်စမ်းပါ …
စစ်သားတစ်ယောက်ရဲ့ အိမ်သူသက်ထား
သေခြင်းတရားကို ဘာလို့ထူးဆန်းနေမလဲ …
စိတ်ထဲကနေပဲ အားပေးနေမိတယ် …

လမ်းတစ်ဝက်မှာ လမ်းခွဲသွားရက်ပေမယ့်
ရဲရဲနီတဲ့ အသက်သွေးနဲ့
ဘယ်တော့မှ မဆွေးတဲ့နာမည်ကောင်းတစ်ခု
သားနဲ့ သမီးအတွက် ဂုဏ်ပြုလက်ဆောင် …

ကြယ်တွေကြွေသွားတိုင်း
ကောင်းကင်ကြီး မှောင်မသွားတတ်ဘူးလို့
သူတို့လေးတွေကို အိပ်ရာဝင်တိုင်း ပြောပြပေးပါ …

နောက်ထပ်လင်းလက်လာမယ့် ကြယ်တွေရှိတယ် …
နောက်ထပ်လင်းလက်လာမယ့် ကြယ်တွေရှိမယ် …
နောက်ထပ်လင်းလက်လာမယ့် ကြယ်တွေရှိနေဦးမယ် …

အမှောင်ဟာ အလင်းရောင်ကို နိုင်လည်းခဏပေါ့ …
အချိန်တန်လို့ ပြည်ဖုံးကာချတဲ့အခါ
အလင်းရောင်ကို အားလုံး တွေ့မြင်ရမယ် …

ဘယ်ဘက်ရင်အုံမှာ ပိုပြီးစူးနစ် …
အသက်ရှူသံဟာ ထစ်ငေါ့လာခဲ့ပြီ …

အားလုံးညီညီ သီဆိုကြမယ် …
ဘယ်ညာခြေလှမ်းကိုယ်စီနဲ့ အသံတိတ် စစ်ချီသီချင်း …
ရောင်နီမလင်းခင် ကြီးစိုးနေတဲ့ အမှောင်ထု
တို့တွေကို မကြာခင် ဦးညွတ်ဂုဏ်ပြုစေရမယ် …

ဒါကြောင့် တို့တွေဟာ ဘယ်လောက်ကြွေကြွေ
အလင်းမှိန်မသွားတဲ့ ကောင်းကင်ကြီးရဲ့ ထာဝရကြယ်စင်တွေ ….
-----------

စိုးသူရ
(၁၃-၂-၂၀၁၅)


Wednesday, January 21, 2015

ပြာ

လေယူရာ …

လွင့်ပါသွားဖို့ အဆင်သင့်ပဲလား
ဘ၀တွေခြားလည်း မှတ်မိနေမယ် …


ခဏတဖြုတ် အလည်အပတ်ပဲပေါ့ …

အဆုံးသတ်လိုက်ခြင်းရဲ့ သင်္ကေတ …
မတည်မြဲခြင်းရဲ့ အညတရပြယုဂ် …
ကျဆုံးခြင်းရဲ့ ထာဝရမှတ်တိုင် …

ခက်ခဲစွာ ဆုပ်ကိုင်ခဲ့သောနာကျင်မှုရဲ့
လွယ်ကူသော လွတ်လပ်တဲ့စိတ်ဟာ
သူ့ဆီမှာ အဆုံးအစမဲ့ကိန်းအောင်းလို့ …
-----
‪#‎စိုးသူရ‬
(21-1-2015)

Sunday, December 28, 2014

လှည်းတန်း


အမြဲလန်းနေတဲ့ က္ကုထိယပြပွဲ ...

ချစ်သူစုံတွဲတွေရဲ့ တူနှစ်ကိုယ်တိုင်းပြည် ...

အထီးကျန်ဝါဒီတို့ရဲ့ အသည်းကွဲညနေခင်း ...

သွေးချင်းချင်းနီခဲ့သော နံပါတ်တုတ်နဲ့ အတိတ်ရိုင်း ...

သမိုင်းအဆက်ဆက် ကျောင်းသားတို့အတွက် ခေတ္တခိုလှုံရာကမ္ဘာငယ် ...

နားလည်ရခက်သော မသေချာခြင်းတွေဟာ မီးနီိလိုကြာတတ်ပြီး ...

အနာဂတ်တွေ ခဏခဏ ပိတ်နေတတ်တဲ့ မြို့တစ်မြို့ရဲ့ ပြဌာန်းချက် ...

ဝေလီဝေလင်း မနက်ခင်းကနေ ...

မှောင်ရီဝိုးတ၀ါး ညနေမိုးချုပ် ...

ခင်ဗျားတို့ ကျုပ်တို့ ရှောင်လို့မရသော ခန္တီစတရားဟာ

အဲဒီ့နေရာမှာ အစဉ်အလာမပျက် ဖူးပွင့်လို့နေဆဲ ...
-----------

‪#‎စိုးသူရ‬
(28-12-2014)

Monday, December 8, 2014

တက်တူး


အရေပြားတစ်ထောက်စာ ...
သူမမြင်နိုင်တဲ့ ဒဏ်ရာပေါ့ ...

သွေးတစက်စက်
တရှိုက်မက်မက်စွဲလမ်းရသော နာကျင်မှု ...

ကိုယ့်ယုံကြည်မှုကို
ကိုယ့်ဘာသာကိုယ် ဂုဏ်ပြုတယ် ...

ကိုယ့်ဆုံးဖြတ်ချက်ကို
ကိုယ်ကိုယ်တိုင် ချီးကျူးတယ် ...

လူဆိုတာ ...
အချစ်အတွက်နဲ့ ...
ဘ၀မှာ တစ်ခါလောက်တော့ မှားဖူးရမယ်မဟုတ်လား ...

အခုတော့ ...
ပြီးသွားတဲ့ ဇာတ်လမ်း ...
ဟောင်းနွမ်းခဲ့တဲ့ ပုံပြင် ....
မယုံချင်ပေမယ့် ယုံကြည်လိုက်ရတော့မယ့် ဇာတ်သိမ်း ...

ကိုယ့်စိတ်ကို ကိုယ်ထိန်းရတာထက်
ကိုယ့်အချစ်ကို ကိုယ်ပြန်သိမ်းရတာ ပိုခက်နေတယ် ...
ဆိုတော့ ...

ဘယ်ဘက်လက်ကောက်ဝတ်ကို
အသာအယာဆုပ်ကိုင်လို့
Goodbye ဆိုတဲ့ စကားလုံးကို တိုးတိုးလေးရွတ်နေမိတယ် ...
...............
........
....

‪#‎စိုးသူရ‬
(8-12-2014)

Monday, November 24, 2014

ချစ်လို့ မုန်းတတ်လာပြီကွယ်


ဝေးနေမှ မဟုတ်ဘူး …
နှစ်ဦးသား မျက်နှာချင်းဆိုင်
အတူတူထိုင်နေရင်းလည်း လွမ်းတယ် …

သူ့သွေးကြောစိမ်းစိမ်းလေးတွေနဲ့
အမြဲတမ်းအနီးကပ်နေခွင့်ရတဲ့
သူ့လည်တိုင်က ဆွဲကြိုးလေးကို
ဘာမှမဆိုင်ဘဲ မနာလိုဖြစ်ချင်ဖြစ်မယ် …

သူ့ပါးပြင် … သူ့နှုတ်ခမ်းနဲ့
အကျွမ်းတ၀င်ထိစပ်ခွင့် လိုင်စင်ရတဲ့ ….
သူကိုင်နေကျ ဟန်းဆက်လေးကို
အကြမ်းဖက်ချင်စိတ် ၀င်ချင်ဝင်မယ် …

နေ့ ည အချိန်အခါမရွေး …
ကိုယ်တယုတယ မွှေးရှိုက်ခွင့်မရတဲ့
သူ့ပုခုံးထက်ဆီက … ကပိုကရို …
ဆံနွယ်ညိုညိုလေးတွေကို သ၀န်တိုချင်တိုမယ် …

ကိုယ် … သိပ်များလွန်နေသလား …

သူ့နှုတ်ခမ်းဖူးဖူးလေးတွေကို
အိပ်မက်ထဲမှာ အမြဲလိုလို သိမ်းထားချင်တဲ့ ဆန္ဒ …

သူ့မျက်ဝန်းလှလှလေးတွေထဲ
ကိုယ့်ပုံရိပ်တစ်ခုထဲကိုပဲ ရှိနေစေချင်တဲ့ လောဘ …

ဟင့်အင်း …
ဘယ်သူမှ မ၀င်ရဘူး …
သူနဲ့ ကိုယ့်ကြား …

ကိုယ့်သဘောထားကို ပြောရမယ်ဆိုရင် …
အနမ်းတစ်ခုနဲ့ တစ်ခု ခဏအနား …
သူ့ပါးပြင်ကို တရားဝင်ထိတွေ့ခွင့်ရတဲ့ …
ကိုယ့်သက်ပြင်း နွမ်းလျလျလေးကိုတောင်
သတ်ပစ်ချင်လောက်အောင် မုန်းနေမိတယ် …
--------------------

စိုးသူရ
(၂၃-၁၁-၂၀၁၄)










Monday, October 27, 2014

တစ်ဖက်သတ်


ဖွင့်မပြောဖြစ်တဲ့
လျှို့ဝှက်နံပါတ်လေးပေါ့ …
သဲလွန်စ သင်္ကေတလေးနည်းနည်းတောင် မကျန်စေခဲ့ရဘူး …

မဆိုဖြစ်လိုက်တဲ့
သီချင်းလေးတစ်ပုဒ်ပေါ့ …
လေချွန်သံသဲ့သဲ့လေး ကြားရင်တောင် ပြန်မတမ်းတမိစေရဘူး …

ရည်ရွယ်ပြီးတော့မှ
မကူးရဲခဲ့တဲ့ နောက်ဖေးလမ်းကြားလေးပေါ့ …
ဖြတ်သန်းသွားလာခွင့်မရှိဆိုတဲ့ ဆိုင်းဘုတ်ရှေ့ကိုတောင် နောက်တစ်ခါပြန်မသွားချင်တော့ဘူး …

တစ်ဖွဲ့တနွဲ့ရေးပြီးမှ
မျက်စေ့စံမှိတ်ပြီး Delete လုပ်ပစ်လိုက်ရတဲ့ Status တစ်ခုပေါ့ …
သံသရာတိုင်နေမှာစိုးလို့ Only me နဲ့တောင် မတင်ဖြစ်ခဲ့ဘူး …

တကယ်တော့ …
တစ်ဖက်သတ်အချစ်ဆိုတာ

အသက်မသေလောက်ပေမယ့်
သေရာပါသွားမယ့် ဆူးဒဏ်ရာ …

ကိုယ်တစ်ယောက်ပဲ အသေအချာသိတဲ့
ခိုးကိုးရာမဲ့ ဝေဒနာလှိုင်းရိပ် …

တစ်သက်တာမတိတ်နိုင်တဲ့
တစ်စက်စက်သော နောင်တသွေး …

ကိုယ့်ရွေးချယ်မှုကို ရှေ့တန်းမတင်နိုင်ခဲ့တဲ့
နှလုံးသားကျူးကျော်တိုက်ပွဲက ရင်ခုန်သံ …

နောက်ပြီး
တစ်ဖက်သတ်အချစ်ဆိုတာ

နောက်တစ်ခါပြန်မတောက်ပနိုင်တော့တဲ့
မနေ့တုန်းက နေရောင်အလင်းတန်းများပေါ့ …
သူ့ရယ်သံတွေကြားမှာ
အားငယ်စိတ်ဟာ အပိုင်းပိုင်းအစစ ကြေမွလို့ …
--------------

Soe Thu Ra
(27-10-2014)

Tuesday, September 9, 2014

ရောက်ရာအရပ်က သာဓုခေါ်ပါ


ချန်ရစ်ခဲ့လေ …
နေခဲ့ရမှာပေါ့ …
အခုတော့လည်း သူစိမ်းတွေပါပဲ …

ကျန်နေခဲ့ရဲတဲ့ သတ္တိ
အပြည့်အ၀တော့ မရှိ …
ဒါပေမယ့် သိတယ်မဟုတ်လား …

အချစ်ဆိုတဲ့ ကစားပွဲမှာ
အနိုင် … အရှုံး … သရေ …
ဒါတွေပဲ ရှိတာမှ မဟုတ်ဘဲ …

ရူးမိုက်စွာ ကစားရဲတဲ့ စိတ်ဓာတ် …
ပြတ်သားစွာကျတဲ့ အရှုံးမျက်ရည် …
တွေဝေခြင်းမဲ့တဲ့ နှုတ်ဆက်လမ်းခွဲ …
တယုတယ အစွဲအလမ်းတွေကို မေ့ဖျောက် …
တစ်ယောက်ထဲ ဆက်လျှောက်ရမယ့် ခရီးရှည် …
နေသာသလို နေလိုက်ရမယ့် မနက်ဖြန် …
လက်ခံလိုက်ရမယ့် ပကတိအမှန်တရား …

အထီးကျန်ညများစွာ ဖြတ်ကျော် …
ပျော်ရွှင်ရယ်မောစရာ ဗလာနတ္ထိ …
ပိုင်ဆိုင်ထားတဲ့ အသိစိတ်တွေ မသေချာ …
သေချာမယ်ထင်ခဲ့တဲ့ အနာဂတ်ဟာ မှေးမှိန် …
စိတ်ကူးတွေဟာလည်း မီးခိုးတိမ်သား …

ဒီလိုနဲ့ပဲ ရှင်လျှက်နဲ့
အလိုလိုခြားခဲ့တဲ့ ဘ၀နှစ်ခု

ပြုခဲ့မိသော ကုသိုလ်ကောင်းမှုအစုစုကို ရည်စူး
နှလုံးသားထဲ ရေးထိုးခဲ့ဖူးတဲ့ နာမည်တစ်ခုကို ရေစက်ချ
ရောက်ရာအရပ်က သာဓုခေါ်ပါစေသား …
ၾကားၾကားသမ်
အမွ် … အမွ် … အမွ် …
…………..
……….
……

#SoeThuRa
(10-9-2014)

Saturday, August 30, 2014

ထိပ်စီးပြောင်းရာသီ



အတွဲဆိုလို့
လက်ထဲက သော့တွဲပဲရှိတယ် ...

ချစ်သူရည်စားဆိုတာထက်
လက်တွဲဖော်ဆိုတာမျိုးကို ပိုပြီးလိုလားတပ်မက်တယ်ပေါ့ ...

ငယ်ငယ်တုန်းက
အချစ်ဦး ဘာညာဆိုတာလည်း
လွန်ခဲ့တဲ့နှစ်များစွာက အဖြူအမည်း ဇာတ်ကားသာသာပါပဲ ...

မနေနိုင် မထိုင်နိုင်လို့
ကိုင်စရာလက်ကလေး တစ်ဖက်လောက်လိုချင်မိတဲ့အခါမျိုး ...

ဖုံးမနိုင် ဖိမရလို့
ရုန်းကြွလာတဲ့ အကြင်နာစိတ်တွေကို
အားရပါးရ ယိုဖိတ်ပစ်လိုက်ချင်တဲ့ နေ့ရက်မျိုး ...

မုဆိုးလည်းမပီ
သားကောင်လည်း မမည်တဲ့ဘ၀ ...

အနုအရွလည်းမဆန်
အကြမ်းပတမ်းလည်း မခံနိုင်တော့တဲ့ အခြေအနေ ...

တွေဝေမှုဟာ
နေရာတကာမှာ ကြီးစိုးလို့ ...

ပြတ်သားမှုဟာ
ကိုယ့်ဆီကနေ တစ်ဘ၀စာထွက်ပြေးလို့ ...

ပြောရကြေးဆို
ပြောလို့မရတဲ့ လျှို့ဝှက်ချက်တွေအများကြီးပေါ့ ...

ကိုယ့်အကြောင်းကိုယ်
ကိုယ့်အလိုလိုပြန်မတွေးဖြစ်အောင် ...

ကိုယ်လှန်ပြီးထောင်းရမယ့် ပေါင်ကို
ညင်ညင်သာသာလေး ဟန်ဆောင်နှစ်သိမ့် ...

ဒီလိုနဲ့ပဲ အမှန်တရားကို ခေါင်းညိတ်လက်ခံလိုက်ရတဲ့အချိန် ...
လောကဓံဆိုတဲ့ ရေတိမ်တိမ်လေးမှာ
တစ်ယောက်ထဲ အသက်မ၀တ၀ရှူပြီး နစ်နေခဲ့တာ
နှစ်ပေါင်း ၃၀ နီးပါး ကြာသွားပေါ့ ...
-----------------
----------
----

#SoeThuRa
(30-8-2014)

Sunday, August 24, 2014

လူကြီးမင်းနှင့် မသက်ဆိုင်သောအရာများ

လူကြီးမင်းခေါ်ဆိုသော ခင်မင်မှုနံပါတ်
မှားယွင်းနေပါတယ်ရှင် ...
ပြန်လည်စစ်ဆေးပြီး နံပါတ်ပြင်ဆင်ခေါ်ဆိုပါရှင် ...

လူကြီးမင်းခေါ်ဆိုသော သံယောဇဉ်နံပါတ်
မအားသေးပါရှင် ...
ခေတ္တစောင့်ဆိုင်းပြီး ပြန်လည်ခေါ်ဆိုပါရှင် ...

လူကြီးမင်းခေါ်ဆိုလိုသော အချစ် မှာ
နှလုံးသားရပ်ဝန်း ပြင်ပတစ်နေရာရာတွင်ရောက်ရှိနေပါသဖြင့်
ခေါ်ဆို၍ မရနိုင်ပါရှင် ...

လူကြီးမင်းခေါ်ဆိုလိုသော မျှော်လင့်ချက်မှာ
စက်ပိတ်ထားပါသဖြင့် ခေါ်ဆို၍ မရနိုင်ပါရှင် ...

လူကြီးမင်းခေါ်ဆိုလိုသော ပျော်ရွှင်မှုကို
ဘ၀မှ ယာယီပိတ်ထားသဖြင့် ခေါ်ဆို၍ မရနိုင်ပါရှင် ...
ကျေးဇူးတင်ပါတယ်ရှင် ...
...........
........
......
....
..

#SoeThuRa
(24-8-2014)

Sunday, June 22, 2014

နှင်းဆီတွေ ဆူးမရှိဘဲ ပွင့်နေခဲ့တာ ကြာပြီ

ဆူးမရှိဘဲ ပွင့်နေတဲ့ နှင်းဆီတွေကို မြင်ရတော့
တအံ့တသြဖြစ်ပြီး ရိုးတံလေးတွေကို ကိုင်ကြည့်မိတယ် ...

နှင်းဆီတွေ ဆူးမရှိဘဲ ပွင့်နေတာကြာလှပြီပဲ ...
သူငယ်ချင်းက ရယ်မောရင်းပြောတယ် ...

နှင်းဆီဆိုတာ ...
ဆူးတွေနဲ့မှ ၀င့်ထည်တဲ့ပန်း ...
ဆူးတွေဆင်မြန်းထားမှ ဂုဏ်ရှိတဲ့အလှ ...
ဆူးတွေအလယ်မှာမှ စိတ်ချရတဲ့ ကျက်သရေ ...
နှင်းဆီတွေဝေဖို့ ... ဆူးတွေဟာ မရှိမဖြစ်အားအင် ...
ဒီလိုပဲ ဆင်ခြင်ထားခဲ့မိတာ ကြာပေါ့ ...
ခုတော့ ...

ဆူးမပါတဲ့ နှင်းဆီဟာ
သစ္စာမရှိတဲ့ အချစ်ပဲ ...

ဆူးမဲ့တဲ့ နှင်းဆီဟာ
အချစ်မပါတဲ့ အိမ်ထောင်ရေးပဲ ...

ဆူးနဲ့ဝေးတဲ့ နှင်းဆီဟာ
အကာအကွယ်မပါတဲ့ လိင်မှုရေးရာပဲ ...

ဆူးတွေကို ခွာချထားတဲ့ နှင်းဆီဟာ
ကိုယ်ကျင့်သိက္ခာမရှိဘဲ
အစွမ်းကုန်လှနေတဲ့ မိန်းမတစ်ယောက်ပဲ ...

အချိန်မရွေး
ပြိုပျက် ...
အက်ကွဲ ...
တိမ်းစောင်း ..
ကြွေလွင့်လွယ်တယ်လေ ...

ဟင့်အင်း ...
နှင်းဆီတွေ ဆူးမရှိဘဲ ပွင့်နေခဲ့တာ ကြာပြီပဲ ...

သူငယ်ချင်းရဲ့ မထူးဆန်းသလို ရယ်သံကြားမှာ
နှင်းဆီပင်ရဲ့ ချောမွေ့နေတဲ့ ရိုးတံဖြောင့်စင်းစင်းကို
ရဲရဲတင်းတင်းပဲ ကိုင်ကြည့်ခဲ့မိတယ် ...
...............

Soe Thu Ra
(23-6-2014)

Wednesday, June 18, 2014

ထွက်ခွာစွန့်ပြေး ဝေးမသွားခင်

သတိရတယ်ဆိုတဲ့ စာကြောင်းကို
ဒိုင်ယာရီထဲမှာ လက်ရေးလှလှလေးနဲ့ ညတိုင်းချရေးမနေနဲ့နော် …

လွမ်းသလိုလိုရှိတဲ့အခါ သစ္စာတရားကို အသံထွက်မှန်အောင်စာလုံးပေါင်းဆိုပြီး
မှန်ရှေ့မှာ မျက်ရည်ကျချင်ကျပါ …

သူ့ကို အရမ်းချစ်တယ် ဆိုတာပါတဲ့ status ၁ ခု
Facebook ပေါ်နေ့တိုင်းဆက်တင်နေဦးမှာလား …

အရင်လိုပဲ အရင်အတိုင်းပဲ သီချင်းကို
ကိုယ်နဲ့ကိုက်တဲ့ key နဲ့ညှိပြီး တိုးတိုးလေးညည်းနေချင်သေးတာလား …

အရောင်မှိုင်းမှိုင်းအ၀တ်အစားတွေကို ဦးစားပေးရွေးချယ်ဝတ်ပြီး
မိတ်ကပ်ပါးပါးလေးနဲ့ပဲ ဖြစ်သလိုမနေပါနဲ့ …

နောက်ထပ်တစ်ယောက်ကို အလွယ်တကူချစ်မိသွားအောင် တွန်းအားပေးနိုင်တဲ့
ကိုရီးယားဇာတ်လမ်းတွဲတွေကိုတော့ ရှောင်စရာမလိုတော့ဘူးပေါ့ …

အိပ်ရာစောစောဝင်တဲ့အခါ
မသိတဲ့လူတွေဆီက viber message နဲ့ sms တွေကြောင့် စိတ်မညစ်ရအောင်
ဖုန်းကို silent လုပ်ထားဖို့တော့ မှာချင်သေးတာပဲ …

ဖေဖေနဲ့ မေမေက ဘာများဖြစ်နေတာလဲလို့မေးတဲ့အခါ
သူတို့မရိပ်မိအောင် သဘာဝကျကျ အားရပါးရ ပြုံးပြလိုက်ပါ …

သူငယ်ချင်းတွေနဲ့ အပြင်ထွက်လည်လို့
ကိုယ်နဲ့လျှောက်လည်ဖူးတဲ့နေရာတွေရောက်အခါ
ကိုယ့်အရိပ်တွေကို လိုက်ရှာမနေပါနဲ့ …

ရုပ်ရှင်ကြည့်ဖို့ လက်မှတ်ဖြတ်တဲ့အခါ
DC လက်မှတ်တစ်စောင်လောက်လို့ ယောင်ပြီးမပြောမိအောင် အသိစိတ်လေးကပ်ထားပါ…

ရွှေတိဂုံဘုရားသွားလို့ အနောက်ဖက်မုခ်စက်လှေကားကနေတက်တဲ့အခါ
လက်ရန်းကို သေသေချာချာကိုင်ထားနော်ဆိုတဲ့အသံကို ကြားယောင်ပြီး လှိုက်ခနဲဝမ်းနည်းမနေပါနဲ့ …

ပြီးခဲ့တဲ့ အကြောင်းအရာ …
ဟောင်းသွားမယ့် အဖြစ်အပျက် …
နာကျင်ထိရှဖွယ် အမှတ်တရ …
အားလုံးကို စနစ်တကျမေ့လိုက်နိုင်ဖို့ ...

ပြီးတော့ တစ်ချိန်တုန်းက ကိုယ့်ချစ်သူ ဆိုတဲ့ တစ်ဦးဆိုင်နာမ်ကနေ
အများဆိုင်နာမ်တစ်ခုအဖြစ်ကို အလွယ်တကူ ကူးပြောင်းသွားနိုင်ဖို့ ….

ကိုယ့်လက်ဖ၀ါးကို အသာအယာဆုပ်ကိုင်ပြီး
ကိုယ့်ကိုယ်ဘ၀ကူးကောင်းအောင် တစ်ချက်လောက်နမ်းပါ …
---------------------

Soe Thu Ra
(18-6-2014)

Tuesday, June 10, 2014

တတိယမြောက်အနမ်း

ဟံသာဝတီအ၀ိုင်းကားမှတ်တိုင်မှာ သူ့ကိုစောင့်နေတုန်း မိုးဖွဲဖွဲရွာလာတယ်
သူမိုးမိတော့မှာပဲလို့ စိုးရိမ်သွားတယ် နေ့လယ်တုန်းကတော့ နေတွေပူလို့မဟုတ်လား
ပြီးတော့ သူက ထီးယူရမှာလည်း ပျင်းတယ်လေ

ချိန်းထားတဲ့အချိန်ထက် ၄ မိနစ်လောက်ပဲနောက်ကျပြီးသူရောက်လာတော့ မိုးတွေတိတ်သွားတယ်
ကဲ ဘယ်လောက်ထူးဆန်းလဲ ကိုယ်တို့ ညနေခင်းလေးကို ဘယ်သူမှ မနှောင့်ယှက်နိုင်တော့ဘူးပေါ့

ဆောရီး သူငယ်ချင်းနဲ့ စကားပြောလို့ မပြတ်တာနဲ့ လို့ သူက ပြုံးပြီး တောင်းပန်သလိုဆိုတယ်
၅၁ ကားတစ်စီး ဆိုက်လာတော့ သူ့ကိုလှမ်းကြည့်မိတယ် တစ်ယောက်ယောက်စီ sms လှမ်းပို့နေတယ်ထင်ပါရဲ့
ကိုယ်ဘာမှ မပြောဖြစ်လိုက်ဘူး ပြည်လမ်း တံတားဖြူမှတ်တိုင်ကိုရောက်မယ့် နောက်ထပ်ကားတွေ လာဦးမှာပဲလေ

နောက်ထပ်ကားတစ်စီးရောက်လာတော့ သူကိုယ့်ကို ကြည့်ပြီး ပြုံးပြတယ် ဒီလောက်ဆိုသဘောပေါက်ပြီပေါ့
ကားစပယ်ယာက သူ့လက်မောင်းကို ဆွဲတင်လိုက်တော့ အဲဒီ့ကားစပယ်ယာကို စိတ်ထဲကနေ ကိုယ်အကြိမ်ကြိမ်သတ်ပစ်လိုက်တယ်

ကားကာ သိပ်မကျပ်ပေမယ့် သူနဲ့ကိုယ်အတွက်တော့ သိပ်ကျပ်နေတယ်
တစ်ယောက်စာ မတ်တပ်ရပ်ရမယ့်နေရာလေးမှာ နှစ်ယောက်အတူ ပူးကပ်လို့
ကားစီးတာ နှုတ်က ဘုရားစာ တိုးတိုးလေးရွတ်နေတတ်တာ သူ့အကျင့်ပဲ
ကိုယ်တိတ်တိတ်ကလေးပဲနေပြီး သူ့ပုခုံးကို ဖွဖွလေးဖက်ထားလိုက်တယ်
သူ့လည်တိုင်က သွေးကြောစိမ်းစိမ်းလေးတွေကို ဘာရယ်မဟုတ် ငေးကြည့်နေမိတယ်
ခါတိုင်းဆို လူကြားထဲမှာနော်လို့ ပြောတတ်တဲ့သူ အခုတော့ ဘာမှမပြောဘူး ဘုရားစာရွတ်နေလို့လားတော့ မသိဘူး
လှည်းတန်းမီးပွိုင့်မှာ အကြာကြီးမိနေတော့ သူနဲ့ကိုယ်လည်း ပြူတင်းပေါက်ကတဆင့် ဟိုဟိုသည်သည်လျှောက်ကြည့်နေကြပြန်ရော

တံတားဖြူကားမှတ်တိုင်ကိုရောက်တော့ အိုး လူတွေများလိုက်တာ တကယ့်ကို အများကြီးပဲ
နောက်မှ ပြန်တွေးမိတယ် တနင်္ဂနွေညနေခင်းဖြစ်နေတာကိုး နောက်တစ်ခါဆို အင်းယားကန်ဘက်မလာလို့ ဆုံးဖြတ်လိုက်တယ်
လူတွေ အများကြီး စည်ကားနေတာတို့ လူတွေ သိပ်ရှုပ်တဲ့နေရာတို့ဆိုရင် သူက မကြိုက်ဘူးလေ ခေါင်းကိုက်တယ်တဲ့

အင်းယားကန်ရှေ့က Moon Bakery မှာ ပဲခေါက်ဆွဲတစ်ပွဲကို နှစ်ယောက်အတူတူစား ထောပတ်သီးဖျော်ရည်တစ်ခွက်ကို နှစ်ယောက်အတူတူသောက်ပြီးတဲ့နောက် တစ်ယောက်လက်ဖ၀ါးကို တစ်ယောက်ခပ်တင်းတင်းဆုပ်ကိုင်ပြီး
တံတားဖြူမှတ်တိုင်ကနေ ပြည်လမ်းအတိုင်း အတူတူလမ်းလျှောက်ခဲ့ကြတယ်

သူ့လက်ကို ဆုပ်ကိုင်ထားရတဲ့အခါ ပတ်ဝန်းကျင်ဆိုတာ အသက်မဲ့နေတဲ့လောကပဲ
သူနဲ့ သွားရတဲ့ လမ်းတွေအားလုံးဟာလည်း အကွာအဝေးသတ်မှတ်ချက်တွေကင်းမဲ့လို့
ရောင်စုံတွေ သိပ်များတဲ့ လှည်းတန်းလမ်းဆုံလို နေရာကြီးတောင် ကိုယ့်အတွက်မှောင်နေသလားထင်ရတယ်
ကိုယ့်အမြင်ထဲမှာရော ကိုယ့်အတွေးထဲမှာရော ကိုယ့်နှလုံးသားထဲမှာရော သူတစ်ယောက်ထဲကွက်ပြီးလင်းနေတယ်
တစ်လောကလုံးက ရောင်စဉ်တွေဟာ သူ့မျက်နှာပေါ်မှာပဲ တောက်ပလို့ သူ့အပြုံးတွေကလည်း သိပ်လှတာကိုး

ညောင်းလာတာနဲ့ နှစ်ယောက်သားထိုင်ဖြစ်တဲ့နေရာက လူတွေရှင်းနေတဲ့ UFL ရှေ့က ကားဂိတ်အမိုးလေးအောက်မှာ
လမ်းမီးတိုင်ရဲ့ ခပ်အုပ်အုပ်အလင်းနဲ့ ကားမီးတွေရဲ့ အလင်းကြောင့် သူသိပ်တော့ကြောက်မှာ မဟုတ်ပါဘူး

ဘာထပ်စားချင်သေးလဲလို့မေးလိုက်တော့ သူဘာမှပြန်မပြောဘူး
နှစ်ယောက်သား ဘာစကားမှ မပြောမိဘဲ ဒီအတိုင်းထိုင်နေလိုက်ကြတယ်

လွန်ခဲ့တဲ့ နှစ်လလောက်က Facebook မှာ စခင်ကြပြီး သူ့ကို ချစ်တယ်လို့ ဖွင့်ပြောတော့ သူက ငြင်းတယ်
အွန်လိုင်းမှာပြောတဲ့ အချစ်ကို သူမယုံဘူးတဲ့
ဖုန်းနံပါတ်တွေ အပြန်အလှန်လဲ တစ်ပတ်လောက်ကြာအောင် ညတိုင်းဖုန်းတွေဆက်ပြီးတော့
ရိုးရိုးလေးပါပဲ ကိုယ်နဲ့သူ အပြန်အလှန်ချစ်မိသွားကြတယ်ဆိုပါစို့

သူ့နဲ့ကိုယ် အွန်လိုင်းချစ်သူသက်တမ်း ၁ လပြည့်တဲ့နေ့မှာ ပထမဆုံးအပြင်မှာ တွေ့ဖြစ်ကြတယ်
အခုတွေ့ဆုံခြင်းဟာ သုံးကြိမ်မြောက်ပေါ့ ဒါပေမယ့် သူ့ကိုကြည့်ရတာ ကိုယ့်ကို မယုံရဲသေးတာလားမသိဘူး
ကိုယ်လည်း သူ့ဆီက ဘာအခွင့်အရေးမှ အတင်းအကြပ်မယူလိုသူဆိုတော့  

ဟိုတွေး ဒီတွေးနဲ့ ညနည်းနည်းမှောင်လာတော့ ပြန်ရအောင်လို့ သူပြောတယ်
ကိုယ်က လက်ပတ်နာရီတစ်ချက်ကြည့်လိုက်တော့ ၈ နာရီ ၂၀
နောက်ထပ် ၁၅ မိနစ်လို့ဈေးဆစ်တော့ သူခေါင်းညိတ်တယ်

တစ်ခါတလေ သူ့အပြုအမူတွေကို ကိုယ်အံ့သြနေမိပြန်ရော  
သူမျက်လုံးက အရိပ်တွေကို ကိုယ်မဖတ်တတ်ပြန်ဘူး
အရင်နှစ်ကြိမ်တုန်းက နူးညံ့ဖူးတဲ့ သူ့အကြည့်တွေ ခုတော့ အသက်မပါဘဲ အေးစက်နေတယ်ဆိုတော့ ကိုယ်နည်းနည်းစိုးရိမ်သွားတယ်
ကိုယ့်ပုခုံးပေါ် မှီနွဲ့ဖူးတဲ့ သူ့ခန္ဓာကိုယ်လေးက သတိအနေအထားနဲ့ တောင့်တင်းလို့ သူဘာတွေတွေးနေပါလိမ့်

ပထမဆုံးအကြိမ် သမ္မတရုံမှာ ရုပ်ရှင်ကြည့်ကြတော့ ပွဲပြီးကာနီးလေးမှာ သူ့ဘယ်ဘက်ပါးကို ကိုယ်ဖွဖွလေးနမ်းလိုက်တယ်
ဒုတိယအကြိမ် မဟာဗန္ဓုလပန်းခြံထဲမှာ သွားထိုင်ကြတုန်းကတော့ လူတွေအလစ်မှာ သူ့ညာဘက်ပါးကို ကိုယ်ခိုးပြီးနမ်းလိုက်တယ်
ဒီတစ်ခေါက်တော့ သူ စိတ်မကြည်လင်ဘူးဆိုရင် ကိုယ့်နှုတ်ခမ်းလေးတွေကိုပဲ အားနာစိတ်ဖြစ်ရမှာပဲ
ကြယ်ပွင့်ပုံလေးတွေဖော်ထားတဲ့ သူ့လက်သည်းနီနီလေးတွေကို ကိုယ် အသေးစိတ်ငုံကြည့်နေမိတယ်

နောက်ထပ် ၁၅ မိနစ်ကြာသွားတော့ တက္ကစီတစ်စီးကို ကိုယ်ထပြီး တားလိုက်တယ်
၁၁ လမ်းကို ၂၅၀၀ ဆိုတော့ သူက ဈေးဆစ်မနေနဲ့ဆိုတဲ့ မျက်နှာရိပ်မျက်နှာကဲပြပြီး ကားထဲဝင်ထိုင်တော့ ကိုယ်ပါကားပေါ်ရောက်သွားရော

တစ်လမ်းလုံး သူ ကိုယ့်ပုခုံးပေါ်မှာမီပြီး လိုက်လာတယ် ခေါင်းနည်းနည်းမူးနေတယ်တဲ့
ဒါဆို ခုနက ကားဂိတ်မှာတုန်းက သူနေလို့မကောင်းဖြစ်နေတာကို မရိပ်မိတဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတယ်
သူ့ဆံပင်က ရတဲ့ ခေါင်းလျှော်ရည်အနံ့ကို ကိုယ်ရှူရှိုက်မိပေမယ့် ဘာတံဆိပ်မှန်း မခွဲခြားတတ်ဘူး  
ပန်းပွင့်တစ်မျိုးမျိုးရဲ့ အနံ့ဆိုတာလောက်ပဲသိတယ်

အပေါ်အထိလိုက်မပို့နဲ့တော့နော် အဆောင်က အစ်မတွေ ၀ိုင်းစနေမှာစိုးလို့ ဒီကားပဲ ဆက်ငှားသွားလိုက်တော့လို့ သူခေါင်းမော့ပြီး ပြောလာတော့ ကိုယ် အင်း လို့ပြောလိုက်တယ်

၁၁ လမ်းမှာ မီးပျက်နေတယ်ထင်တယ် တစ်လမ်းလုံးမှောင်မဲလို့  
မီးပျက်နေတယ်လေ လှေကားမှာမှောင်နေမှာပေါ့ ကိုယ်အပေါ်ထိလိုက်ပို့မယ်လေ ဆိုတော့ သူနည်းနည်းတွေဝေသွားတယ်

ကားခပေးပြီး နှစ်ယောက်စလုံးဆင်းလိုက်တဲ့အထိ မီးကပြန်မလာသေးဘူး
ဘယ်လိုလုပ်ချင်လဲ အအေးသွားသောက်မလား ဒါမှမဟုတ် ကိုယ်အပေါ်ကို လိုက်ပို့ပေးရမလားဆိုတော့
နားချင်နေပြီကွာ အခန်းရှေ့အထိလိုက်မပို့နဲ့ တတိယထပ်အထိတော့ လိုက်ပို့လို့ပြန်ပြောတယ်

မှောင်မဲနေတဲ့ လှေကားထစ်တွေကို သူနဲ့တက်ရတာ ဒါပထမဆုံးအတွေ့အကြုံပဲ
သူ့လက်ကိုတွဲပြီး လှေကားထစ်တွေကို တစ်ထစ်ချင်းတက်ရတယ်  
ပထမထပ်ရောက်တော့ လှေကားထစ်အချိုး အချိုင့်တစ်နေရာမှာ သူတစ်ချက်ယိုင်သွားတော့  ကိုယ်သူ့ခါးကို အသာဖမ်းထိန်းလိုက်ရတယ်
ကျေးဇူးလို့ သူပြောပေမယ့် ကိုယ်ပြန်မလွှတ်လိုက်ဘူး

ဒုတိယထပ်ရောက်တော့ ကားခရောကျန်သေးတယ်မဟုတ်လားလို့ သူ ရုတ်တရက်မေးတော့ ကိုယ်ဘာမှ ပြန်မပြောဘူး
ဒီအချိန်မှာ ကိုယ်စဉ်းစားနေမိတယ် တတိယထပ်ကို ဘယ်လိုမြန်မြန်မရောက်အောင် အချိန်ဆွဲရမလဲဆိုတာ

တတိယထပ်ကိုရောက်မယ့် လှေကားထစ်ကို စတက်တော့ ဘာရယ်မဟုတ်ပဲ ကိုယ်ပြောလိုက်မိတယ်
ကိုယ့်မှာ ငါးထောင်တန်တစ်ရွက်ပဲရှိတော့တယ် တစ်ထောင်တန်နဲ့ လဲပေးပါလား လို့
သူက အင်းဆိုပြီး ဖုန်းအလင်းရောင်အောက်မှာ ပိုက်ဆံအိတ်အညိုလေးကိုဖွင့်ပြီး တစ်ထောင်ငါးရွက်ကို ယူနေတယ်

ကိုယ် ရုတ်တရက်ငုံ့ပြီး သူ့နဖူးအေးအေးလေးကို နမ်းလိုက်တော့ သူငြိမ်သွားတယ်
သူ့ခါးကို ဆွဲယူပြီး ဆံပင်တွေကြားကနေ သူ့ဘယ်ဘက်ပါးကို ဆက်ပြီးနမ်းမိတော့ သူကိုယ့်ခါးကို ပြန်ဖက်ထားတယ်
စက္ကန့် သုံးဆယ်လောက်တော့ ကြာသွားမယ်ထင်တယ် ရုတ်တရက် အသိပြန်ဝင်လာတဲ့ လေသံနဲ့
မလုပ်နဲ့လေ ခုနေ မီးပြန်လာရင် လူတွေ တွေ့ကုန်မှာပေါ့ သူပြောတော့ ကိုယ့်နှုတ်ခမ်းကို သူ့ညာဘက်ပါးကနေ ပြန်ခွာလိုက်ရတယ်
ဒါပေမယ့် ဖုန်းအလင်းရောင် မှိန်မှိန်လေးကနေ သူမျက်လုံးတွေကို ကြည့်လိုက်တော့ စိတ်ဆိုးဟန်တော့ မပြဘူး

တတိယထပ်မှာ ကိုယ်ရပ်ပြီးကျန်ခဲ့တော့ သူအပေါ်ကို ဆက်တက်သွားတယ်
သူတံခါးကိုခေါက်နေတုန်း ကိုယ် တတိယထပ်က လှေကားထောင့်ကို မှီပြီး ရပ်နေပြီး ကိုယ့်အတွေးနဲ့ကိုယ် ပြုံးမိတယ်
သံပန်းတံခါးဖွင့်သံနဲ့အတူ အသံတွေ တိတ်သွားတော့မှ လှေကားထစ်တွေကို တစ်ထစ်ချင်းအသေအချာနင်းပြီး ပြန်ဆင်းခဲ့လိုက်တယ်

မြေညီထပ်ရောက်တော့ မီးပြန်လာတာနဲ့အတူ ဟေး ဆိုတဲ့ ကလေးတစ်သိုက်အော်သံကြားလိုက်ရတယ်
ကိုယ် ၁၁ လမ်းပေါ်ပြန်ရောက်လို့ လေးလွှာဆီမော့ကြည့်လိုက်တော့ ၀ရံတာမှာ သူထွက်လာပြီး လက်လှမ်းပြနေတယ်
ပြီးတော့ ကိုယ့်ကို နေဦးဆိုတဲ့ အမူအရာနဲ့ အထဲပြန်ဝင်သွားတယ်
ခဏကြာတဲ့အထိ ပြန်ထွက်မလာဘူး သူဘာလုပ်မှာလဲဆိုပြီး ကိုယ်ရင်ခုန်သွားတယ်
ကိုယ်သူ့ဖုန်းကို ခေါ်လိုက်ရမလားဆိုပြီး တွေးနေတုန်း မြေညီထပ်သံပန်းတံခါးကို သူ တွန်းဖွင့်ပြီးထွက်လာတယ်

ခုနက တစ်ထောင်တန်လဲမယ်ဆို ရော့ လို့ပြောပြီး ကိုယ့်ကိုလှမ်းပေးတော့ ကိုယ် ငါးထောင်တန်တစ်ရွက်ပြန်ပေးလိုက်တယ်
အဲဒီ့မှာ ကိုယ့်အိတ်ကပ်ထဲမှာရှိနေတဲ့ တစ်ထောင်တန်တချို့ကို မီးရောင်ကြောင့် သူလှမ်းမြင်တော့ ဟင် ဆိုပြီး နှုတ်ခမ်းကိုက်ပြီး ကိုယ့်ကိုမျက်စောင်းထိုးတယ် ပြီးတော့ ရှက်သလိုပြုံးတယ်
ပြီးတော့ လှေကားထစ်တွေအတိုင်း အပေါ်ကို ပြေးတက်သွားပါလေရော

ကိုယ်ကတော့ သူပေးတဲ့ တစ်ထောင်တန်ငါးရွက်ကို လက်ထဲမှာကိုင်ထားရင်း သူ့နောက်ကျောကိုငေးကြည့်နေမိတယ်  
ဒီတော့မှ ခုနက တတိယထပ်မှာ သူ့ပါးမို့မို့လေးကိုနမ်းရင်း သူမသိအောင်ဖြုတ်ပြီးယူခဲ့တဲ့ ကိုယ့်ဘောင်းဘီအိပ်ကပ်ထဲက စိန်လော့ကက်သီးနဲ့ ဆွဲကြိုးလေးအတွက် ကိုယ်အခုမှ စိတ်ချသွားတော့တယ်

မနက်ဖြန် ဒီဖုန်း sim card ကိုပြန်ရောင်းပြီးရင်တော့ သူကို ထားခဲ့ရမယ့် အထိမ်းအမှတ်အတွက် ၁၉ လမ်းမှာ သူငယ်ချင်းတွေနဲ့ ဆုံဦးမှပါလေ
----------------------------

စိုးသူရ
10:55 pm
(10-6-2014)