တကယ်တော့
လူ့ဘ၀ဟာ
၂၄ နာရီ အရေးပေါ်အခြေအနေမှာ
…
စက္ကန့်တိုင်းဟာ
စိုးရိမ်စရာကောင်းနေတယ် …
မနာလိုခြင်း
ဗိုင်းရပ်စ်တွေ အကိုက်ခံရမလား …
အစွယ်ငေါငေါလောဘတွေ
စူးမလား …
ရူးရူးမိုက်မိုက်
အချစ်ဆိပ်တက်မလား …
နောင်တတရားလောင်းရိပ်မှာ
ပိတ်မိနေမလား …
သွားရည်တမြားမြားနဲ့
အတ္တတွေကြားမှာ လမ်းမှားနေမလား …
သံသယများစွာရဲ့
ထောင်ချောက်မှာ အသက်ပျောက်မလား …
ဆုပ်ရင်လည်းစူး
…
စားရင်လည်းရူးမယ့်
အနေအထား …
ပစ်ရမှာလည်း
အဆီတ၀င်းဝင်း
စားရမှာလည်း
တကယ့်ကို သဲတရှပ်ရှပ် …
အသက်ရှုသံတွေ
ရပ်တန့်လိုက်ရမှာလည်း ကြောက်လန့် …
အသက်ရှုသံတွေ
ဆက်ပြီးဆွဲဆန့်ရမှာလည်း စိုးရိမ် …
တကယ်တော့
လူ့ဘ၀ဆိုတာ ...
ရခဲလှတဲ့
လောကဓံရေတိမ် …
အိမ်ပြန်ချိန်အတိအကျနဲ့
ဒွိဟခရီးရှည် …
ဝေဒနာသီချင်းတွေရဲ့
နာကျင်ဖွယ်တေးသွား …
စတင်မွေးဖွားခြင်းနိဒါန်းကနေ
နေ၀င်ချိန်မရဏနိဂုံးအထိ
ဝမ်းသာလိုက်
ဝမ်းနည်းလိုက် …
ပျော်ရွှင်တဲ့အခါ
လှိုက်လှိုက်လှဲလှဲ ရယ်မော ..
ဝမ်းနည်းတဲ့အခါ
ကြေကြေကွဲကွဲ ငိုရှိုက် …
ကိုယ်ကိုယ်တိုင်
မသိလိုက်ခင်မှာပဲ
ကိုယ်ကိုယ်တိုင်ဆောက်ထားတဲ့
အသိုက်ကို
ကိုယ်ကိုယ်တိုင်
လက်ပြနှုတ်ဆက် …
ဒီလိုနဲ့
…
ကိုယ့်ဆီရောက်လာမယ့်
မနက်ဖြန်ဟာ
သိပ်ကို
... ထိ ခိုက် ကျိုး ပဲ့ လွယ်တယ်ဆိုတာ သိသိရက်နဲ့ မေ့လျော့နေခဲ့တယ် …
------------------
#စိုးသူရ
(27-2-2015)
No comments:
Post a Comment