တိမ်ညိုတွေ တိမ်မည်းတွေ
တစ်စတလေမှမရှိဘဲ
ရုတ်တရက် ကြဲပက်ရွာချတဲ့မိုးစက်တွေလို
တစ်ကိုယ်လုံး … ခြေအစ … ခေါင်းအဆုံး
အမုန်းတရားကြောင့်ကျတဲ့ သွေးတွေနဲ့ ရွှဲရွှဲစိုခဲ့တယ်
…
နာကျင်မှုဝေဒနာတွေလည်း ကိုယ်စီနဲ့ပေါ့ …
တို့တွေမှာ အာဃာတအငြိုးတွေကနေ
ပြေးထွက်ခိုလှုံရာ ထီးအမိုးအကာ ပါမလာခဲ့ဘူး
…
ဘုရားကို အာရုံပြုတယ် …
တရားကို ရှုမှတ်တယ် …
သံဃာကို အထပ်ထပ်ရည်စူးပြီး ..
မိဘနဲ့ ဆရာသမားကို ဦီးချတယ် …
ပြီးတော့ ဆုတောင်းတယ် …
ဘ၀အဆက်ဆက် …
တရားသဖြင့် ဆင်နွှဲသောစစ်မက်တိုင်းမှာ
နောက်ဆုံးမိနစ်အထိ ရွပ်ရွပ်ချွံချွံ ပါဝင်ရလိုပါ၏
…
နောက်တန်းမှာ ကျန်ခဲ့တဲ့ မိသားစု …
ပြုခဲ့ဖူးသော ကောင်းမှုကုသိုလ် …
အလိုလိုစီးကျလာတဲ့ မျက်ရည်စီးကြောင်း …
ကိုယ့်နံဘေးမှာ လဲလျောင်းနေတဲ့ သူငယ်ချင်း
…
သက်ပြင်းကို နာကျင်စိတ်နဲ့ ခက်ခက်ခဲခဲချရင်း
ကတုတ်ကျင်းကို ခေါင်းအုံးအမှတ်ထား
နောက်ဆုံးမိနစ်များမှာ ဂုဏ်ယူစွာသီဆိုမယ်
…
"ရဲသော်မသေ သေသော်ငရဲမလား …"
ချန်ထားခဲ့ရမယ့်
ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်လူမျိုးသားချင်း
…
ချိန်ထားခဲ့ရမယ့်
ကိုယ့်ရေမြေနဲ့ ကိုယ့်တိုင်းရင်းသားတွေ …
ချန်ထားခဲ့ရမယ့်
ချစ်ဇနီးနဲ့ လူမမယ်ရင်သွေး …
ပြီးတော့ ….
နောက်ထပ်မွေးဖွားလာဦးမယ့် မျိုးဆက်သစ် …
အကာကအချစ် အနှစ်ကမေတ္တာ …
နှစ်ဖက်အဘိုးအဘွားတွေကတော့ ကြည့်ရှုစောင့်ရှောက်ကြမှာပါ
…
ထိန်းမထားနဲ့ … ငိုချလိုက်စမ်းပါ …
စစ်သားတစ်ယောက်ရဲ့ အိမ်သူသက်ထား
သေခြင်းတရားကို ဘာလို့ထူးဆန်းနေမလဲ …
စိတ်ထဲကနေပဲ အားပေးနေမိတယ် …
လမ်းတစ်ဝက်မှာ လမ်းခွဲသွားရက်ပေမယ့်
ရဲရဲနီတဲ့ အသက်သွေးနဲ့
ဘယ်တော့မှ မဆွေးတဲ့နာမည်ကောင်းတစ်ခု
သားနဲ့ သမီးအတွက် ဂုဏ်ပြုလက်ဆောင် …
ကြယ်တွေကြွေသွားတိုင်း
ကောင်းကင်ကြီး မှောင်မသွားတတ်ဘူးလို့
သူတို့လေးတွေကို အိပ်ရာဝင်တိုင်း ပြောပြပေးပါ
…
နောက်ထပ်လင်းလက်လာမယ့် ကြယ်တွေရှိတယ် …
နောက်ထပ်လင်းလက်လာမယ့် ကြယ်တွေရှိမယ် …
နောက်ထပ်လင်းလက်လာမယ့် ကြယ်တွေရှိနေဦးမယ်
…
အမှောင်ဟာ အလင်းရောင်ကို နိုင်လည်းခဏပေါ့ …
အချိန်တန်လို့ ပြည်ဖုံးကာချတဲ့အခါ
အလင်းရောင်ကို အားလုံး တွေ့မြင်ရမယ် …
ဘယ်ဘက်ရင်အုံမှာ ပိုပြီးစူးနစ် …
အသက်ရှူသံဟာ ထစ်ငေါ့လာခဲ့ပြီ …
အားလုံးညီညီ သီဆိုကြမယ် …
ဘယ်ညာခြေလှမ်းကိုယ်စီနဲ့ အသံတိတ် စစ်ချီသီချင်း
…
ရောင်နီမလင်းခင် ကြီးစိုးနေတဲ့ အမှောင်ထု
တို့တွေကို မကြာခင် ဦးညွတ်ဂုဏ်ပြုစေရမယ် …
ဒါကြောင့် တို့တွေဟာ ဘယ်လောက်ကြွေကြွေ
အလင်းမှိန်မသွားတဲ့ ကောင်းကင်ကြီးရဲ့ ထာဝရကြယ်စင်တွေ
….
-----------
စိုးသူရ
(၁၃-၂-၂၀၁၅)
No comments:
Post a Comment