Monday, November 24, 2014

ချစ်လို့ မုန်းတတ်လာပြီကွယ်


ဝေးနေမှ မဟုတ်ဘူး …
နှစ်ဦးသား မျက်နှာချင်းဆိုင်
အတူတူထိုင်နေရင်းလည်း လွမ်းတယ် …

သူ့သွေးကြောစိမ်းစိမ်းလေးတွေနဲ့
အမြဲတမ်းအနီးကပ်နေခွင့်ရတဲ့
သူ့လည်တိုင်က ဆွဲကြိုးလေးကို
ဘာမှမဆိုင်ဘဲ မနာလိုဖြစ်ချင်ဖြစ်မယ် …

သူ့ပါးပြင် … သူ့နှုတ်ခမ်းနဲ့
အကျွမ်းတ၀င်ထိစပ်ခွင့် လိုင်စင်ရတဲ့ ….
သူကိုင်နေကျ ဟန်းဆက်လေးကို
အကြမ်းဖက်ချင်စိတ် ၀င်ချင်ဝင်မယ် …

နေ့ ည အချိန်အခါမရွေး …
ကိုယ်တယုတယ မွှေးရှိုက်ခွင့်မရတဲ့
သူ့ပုခုံးထက်ဆီက … ကပိုကရို …
ဆံနွယ်ညိုညိုလေးတွေကို သ၀န်တိုချင်တိုမယ် …

ကိုယ် … သိပ်များလွန်နေသလား …

သူ့နှုတ်ခမ်းဖူးဖူးလေးတွေကို
အိပ်မက်ထဲမှာ အမြဲလိုလို သိမ်းထားချင်တဲ့ ဆန္ဒ …

သူ့မျက်ဝန်းလှလှလေးတွေထဲ
ကိုယ့်ပုံရိပ်တစ်ခုထဲကိုပဲ ရှိနေစေချင်တဲ့ လောဘ …

ဟင့်အင်း …
ဘယ်သူမှ မ၀င်ရဘူး …
သူနဲ့ ကိုယ့်ကြား …

ကိုယ့်သဘောထားကို ပြောရမယ်ဆိုရင် …
အနမ်းတစ်ခုနဲ့ တစ်ခု ခဏအနား …
သူ့ပါးပြင်ကို တရားဝင်ထိတွေ့ခွင့်ရတဲ့ …
ကိုယ့်သက်ပြင်း နွမ်းလျလျလေးကိုတောင်
သတ်ပစ်ချင်လောက်အောင် မုန်းနေမိတယ် …
--------------------

စိုးသူရ
(၂၃-၁၁-၂၀၁၄)










No comments:

Post a Comment