ဖွင့်မပြောဖြစ်တဲ့
လျှို့ဝှက်နံပါတ်လေးပေါ့
…
သဲလွန်စ သင်္ကေတလေးနည်းနည်းတောင်
မကျန်စေခဲ့ရဘူး …
မဆိုဖြစ်လိုက်တဲ့
သီချင်းလေးတစ်ပုဒ်ပေါ့
…
လေချွန်သံသဲ့သဲ့လေး
ကြားရင်တောင် ပြန်မတမ်းတမိစေရဘူး …
ရည်ရွယ်ပြီးတော့မှ
မကူးရဲခဲ့တဲ့
နောက်ဖေးလမ်းကြားလေးပေါ့ …
ဖြတ်သန်းသွားလာခွင့်မရှိဆိုတဲ့
ဆိုင်းဘုတ်ရှေ့ကိုတောင် နောက်တစ်ခါပြန်မသွားချင်တော့ဘူး …
တစ်ဖွဲ့တနွဲ့ရေးပြီးမှ
မျက်စေ့စံမှိတ်ပြီး
Delete လုပ်ပစ်လိုက်ရတဲ့ Status တစ်ခုပေါ့ …
သံသရာတိုင်နေမှာစိုးလို့
Only me နဲ့တောင် မတင်ဖြစ်ခဲ့ဘူး …
တကယ်တော့
…
တစ်ဖက်သတ်အချစ်ဆိုတာ
အသက်မသေလောက်ပေမယ့်
သေရာပါသွားမယ့်
ဆူးဒဏ်ရာ …
ကိုယ်တစ်ယောက်ပဲ
အသေအချာသိတဲ့
ခိုးကိုးရာမဲ့
ဝေဒနာလှိုင်းရိပ် …
တစ်သက်တာမတိတ်နိုင်တဲ့
တစ်စက်စက်သော
နောင်တသွေး …
ကိုယ့်ရွေးချယ်မှုကို
ရှေ့တန်းမတင်နိုင်ခဲ့တဲ့
နှလုံးသားကျူးကျော်တိုက်ပွဲက
ရင်ခုန်သံ …
နောက်ပြီး
တစ်ဖက်သတ်အချစ်ဆိုတာ
နောက်တစ်ခါပြန်မတောက်ပနိုင်တော့တဲ့
မနေ့တုန်းက
နေရောင်အလင်းတန်းများပေါ့ …
သူ့ရယ်သံတွေကြားမှာ
အားငယ်စိတ်ဟာ
အပိုင်းပိုင်းအစစ ကြေမွလို့ …
--------------
Soe Thu Ra
(27-10-2014)
No comments:
Post a Comment