ဟံသာဝတီအ၀ိုင်းကားမှတ်တိုင်မှာ
သူ့ကိုစောင့်နေတုန်း မိုးဖွဲဖွဲရွာလာတယ် …
သူမိုးမိတော့မှာပဲလို့ စိုးရိမ်သွားတယ်
… နေ့လယ်တုန်းကတော့
နေတွေပူလို့မဟုတ်လား …
ပြီးတော့ သူက ထီးယူရမှာလည်း
ပျင်းတယ်လေ …
ချိန်းထားတဲ့အချိန်ထက် ၄ မိနစ်လောက်ပဲနောက်ကျပြီးသူရောက်လာတော့
မိုးတွေတိတ်သွားတယ် …
ကဲ ဘယ်လောက်ထူးဆန်းလဲ ကိုယ်တို့
ညနေခင်းလေးကို ဘယ်သူမှ မနှောင့်ယှက်နိုင်တော့ဘူးပေါ့ …
ဆောရီး သူငယ်ချင်းနဲ့ စကားပြောလို့
မပြတ်တာနဲ့ လို့ သူက ပြုံးပြီး တောင်းပန်သလိုဆိုတယ် …
၅၁ ကားတစ်စီး ဆိုက်လာတော့ သူ့ကိုလှမ်းကြည့်မိတယ်
တစ်ယောက်ယောက်စီ sms လှမ်းပို့နေတယ်ထင်ပါရဲ့ …
ကိုယ်ဘာမှ မပြောဖြစ်လိုက်ဘူး
ပြည်လမ်း တံတားဖြူမှတ်တိုင်ကိုရောက်မယ့် နောက်ထပ်ကားတွေ လာဦးမှာပဲလေ …
နောက်ထပ်ကားတစ်စီးရောက်လာတော့
သူကိုယ့်ကို ကြည့်ပြီး ပြုံးပြတယ် … ဒီလောက်ဆိုသဘောပေါက်ပြီပေါ့
…
ကားစပယ်ယာက သူ့လက်မောင်းကို
ဆွဲတင်လိုက်တော့ အဲဒီ့ကားစပယ်ယာကို စိတ်ထဲကနေ ကိုယ်အကြိမ်ကြိမ်သတ်ပစ်လိုက်တယ် …
ကားကာ သိပ်မကျပ်ပေမယ့် သူနဲ့ကိုယ်အတွက်တော့
သိပ်ကျပ်နေတယ် …
တစ်ယောက်စာ မတ်တပ်ရပ်ရမယ့်နေရာလေးမှာ
နှစ်ယောက်အတူ ပူးကပ်လို့ …
ကားစီးတာ နှုတ်က ဘုရားစာ တိုးတိုးလေးရွတ်နေတတ်တာ
သူ့အကျင့်ပဲ …
ကိုယ်တိတ်တိတ်ကလေးပဲနေပြီး သူ့ပုခုံးကို
ဖွဖွလေးဖက်ထားလိုက်တယ် …
သူ့လည်တိုင်က သွေးကြောစိမ်းစိမ်းလေးတွေကို
ဘာရယ်မဟုတ် ငေးကြည့်နေမိတယ် …
ခါတိုင်းဆို လူကြားထဲမှာနော်လို့
ပြောတတ်တဲ့သူ အခုတော့ ဘာမှမပြောဘူး … ဘုရားစာရွတ်နေလို့လားတော့
မသိဘူး …
လှည်းတန်းမီးပွိုင့်မှာ အကြာကြီးမိနေတော့
သူနဲ့ကိုယ်လည်း ပြူတင်းပေါက်ကတဆင့် ဟိုဟိုသည်သည်လျှောက်ကြည့်နေကြပြန်ရော …
တံတားဖြူကားမှတ်တိုင်ကိုရောက်တော့
အိုး လူတွေများလိုက်တာ တကယ့်ကို အများကြီးပဲ …
နောက်မှ ပြန်တွေးမိတယ် တနင်္ဂနွေညနေခင်းဖြစ်နေတာကိုး
… နောက်တစ်ခါဆို
အင်းယားကန်ဘက်မလာလို့ ဆုံးဖြတ်လိုက်တယ် …
လူတွေ အများကြီး စည်ကားနေတာတို့
လူတွေ သိပ်ရှုပ်တဲ့နေရာတို့ဆိုရင် သူက မကြိုက်ဘူးလေ … ခေါင်းကိုက်တယ်တဲ့
…
အင်းယားကန်ရှေ့က Moon
Bakery မှာ ပဲခေါက်ဆွဲတစ်ပွဲကို နှစ်ယောက်အတူတူစား … ထောပတ်သီးဖျော်ရည်တစ်ခွက်ကို
နှစ်ယောက်အတူတူသောက်ပြီးတဲ့နောက် တစ်ယောက်လက်ဖ၀ါးကို တစ်ယောက်ခပ်တင်းတင်းဆုပ်ကိုင်ပြီး
တံတားဖြူမှတ်တိုင်ကနေ ပြည်လမ်းအတိုင်း
အတူတူလမ်းလျှောက်ခဲ့ကြတယ် …
သူ့လက်ကို ဆုပ်ကိုင်ထားရတဲ့အခါ
ပတ်ဝန်းကျင်ဆိုတာ အသက်မဲ့နေတဲ့လောကပဲ …
သူနဲ့ သွားရတဲ့ လမ်းတွေအားလုံးဟာလည်း
အကွာအဝေးသတ်မှတ်ချက်တွေကင်းမဲ့လို့ …
ရောင်စုံတွေ သိပ်များတဲ့ လှည်းတန်းလမ်းဆုံလို
နေရာကြီးတောင် ကိုယ့်အတွက်မှောင်နေသလားထင်ရတယ် …
ကိုယ့်အမြင်ထဲမှာရော ကိုယ့်အတွေးထဲမှာရော
ကိုယ့်နှလုံးသားထဲမှာရော သူတစ်ယောက်ထဲကွက်ပြီးလင်းနေတယ် …
တစ်လောကလုံးက ရောင်စဉ်တွေဟာ
သူ့မျက်နှာပေါ်မှာပဲ တောက်ပလို့ … သူ့အပြုံးတွေကလည်း သိပ်လှတာကိုး
…
ညောင်းလာတာနဲ့ နှစ်ယောက်သားထိုင်ဖြစ်တဲ့နေရာက
လူတွေရှင်းနေတဲ့ UFL ရှေ့က ကားဂိတ်အမိုးလေးအောက်မှာ …
လမ်းမီးတိုင်ရဲ့ ခပ်အုပ်အုပ်အလင်းနဲ့
ကားမီးတွေရဲ့ အလင်းကြောင့် သူသိပ်တော့ကြောက်မှာ မဟုတ်ပါဘူး …
ဘာထပ်စားချင်သေးလဲလို့မေးလိုက်တော့
သူဘာမှပြန်မပြောဘူး …
နှစ်ယောက်သား ဘာစကားမှ မပြောမိဘဲ
ဒီအတိုင်းထိုင်နေလိုက်ကြတယ် …
လွန်ခဲ့တဲ့ နှစ်လလောက်က Facebook
မှာ စခင်ကြပြီး သူ့ကို ချစ်တယ်လို့ ဖွင့်ပြောတော့ သူက ငြင်းတယ် …
အွန်လိုင်းမှာပြောတဲ့ အချစ်ကို
သူမယုံဘူးတဲ့ …
ဖုန်းနံပါတ်တွေ အပြန်အလှန်လဲ
… တစ်ပတ်လောက်ကြာအောင်
ညတိုင်းဖုန်းတွေဆက်ပြီးတော့ …
ရိုးရိုးလေးပါပဲ … ကိုယ်နဲ့သူ
အပြန်အလှန်ချစ်မိသွားကြတယ်ဆိုပါစို့ …
သူ့နဲ့ကိုယ် အွန်လိုင်းချစ်သူသက်တမ်း
၁ လပြည့်တဲ့နေ့မှာ ပထမဆုံးအပြင်မှာ တွေ့ဖြစ်ကြတယ် …
အခုတွေ့ဆုံခြင်းဟာ သုံးကြိမ်မြောက်ပေါ့
ဒါပေမယ့် သူ့ကိုကြည့်ရတာ ကိုယ့်ကို မယုံရဲသေးတာလားမသိဘူး …
ကိုယ်လည်း သူ့ဆီက ဘာအခွင့်အရေးမှ
အတင်းအကြပ်မယူလိုသူဆိုတော့ …
ဟိုတွေး ဒီတွေးနဲ့ ညနည်းနည်းမှောင်လာတော့
ပြန်ရအောင်လို့ သူပြောတယ် …
ကိုယ်က လက်ပတ်နာရီတစ်ချက်ကြည့်လိုက်တော့
၈ နာရီ ၂၀ …
နောက်ထပ် ၁၅ မိနစ်လို့ဈေးဆစ်တော့
သူခေါင်းညိတ်တယ် …
တစ်ခါတလေ သူ့အပြုအမူတွေကို ကိုယ်အံ့သြနေမိပြန်ရော
…
သူမျက်လုံးက အရိပ်တွေကို ကိုယ်မဖတ်တတ်ပြန်ဘူး
…
အရင်နှစ်ကြိမ်တုန်းက နူးညံ့ဖူးတဲ့
သူ့အကြည့်တွေ ခုတော့ အသက်မပါဘဲ အေးစက်နေတယ်ဆိုတော့ ကိုယ်နည်းနည်းစိုးရိမ်သွားတယ် …
ကိုယ့်ပုခုံးပေါ် မှီနွဲ့ဖူးတဲ့
သူ့ခန္ဓာကိုယ်လေးက သတိအနေအထားနဲ့ တောင့်တင်းလို့ … သူဘာတွေတွေးနေပါလိမ့်
…
ပထမဆုံးအကြိမ် သမ္မတရုံမှာ ရုပ်ရှင်ကြည့်ကြတော့
ပွဲပြီးကာနီးလေးမှာ သူ့ဘယ်ဘက်ပါးကို ကိုယ်ဖွဖွလေးနမ်းလိုက်တယ် …
ဒုတိယအကြိမ် မဟာဗန္ဓုလပန်းခြံထဲမှာ
သွားထိုင်ကြတုန်းကတော့ လူတွေအလစ်မှာ သူ့ညာဘက်ပါးကို ကိုယ်ခိုးပြီးနမ်းလိုက်တယ် …
ဒီတစ်ခေါက်တော့ … သူ
စိတ်မကြည်လင်ဘူးဆိုရင် … ကိုယ့်နှုတ်ခမ်းလေးတွေကိုပဲ
အားနာစိတ်ဖြစ်ရမှာပဲ …
ကြယ်ပွင့်ပုံလေးတွေဖော်ထားတဲ့
သူ့လက်သည်းနီနီလေးတွေကို ကိုယ် အသေးစိတ်ငုံကြည့်နေမိတယ် …
နောက်ထပ် ၁၅ မိနစ်ကြာသွားတော့
တက္ကစီတစ်စီးကို ကိုယ်ထပြီး တားလိုက်တယ် …
၁၁ လမ်းကို ၂၅၀၀ ဆိုတော့ သူက
ဈေးဆစ်မနေနဲ့ဆိုတဲ့ မျက်နှာရိပ်မျက်နှာကဲပြပြီး ကားထဲဝင်ထိုင်တော့ ကိုယ်ပါကားပေါ်ရောက်သွားရော
…
တစ်လမ်းလုံး သူ ကိုယ့်ပုခုံးပေါ်မှာမီပြီး
လိုက်လာတယ် ခေါင်းနည်းနည်းမူးနေတယ်တဲ့ …
ဒါဆို ခုနက ကားဂိတ်မှာတုန်းက
သူနေလို့မကောင်းဖြစ်နေတာကို မရိပ်မိတဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတယ် …
သူ့ဆံပင်က ရတဲ့ ခေါင်းလျှော်ရည်အနံ့ကို
ကိုယ်ရှူရှိုက်မိပေမယ့် ဘာတံဆိပ်မှန်း မခွဲခြားတတ်ဘူး …
ပန်းပွင့်တစ်မျိုးမျိုးရဲ့ အနံ့ဆိုတာလောက်ပဲသိတယ်
…
အပေါ်အထိလိုက်မပို့နဲ့တော့နော်
အဆောင်က အစ်မတွေ ၀ိုင်းစနေမှာစိုးလို့ ဒီကားပဲ ဆက်ငှားသွားလိုက်တော့လို့ သူခေါင်းမော့ပြီး
ပြောလာတော့ ကိုယ် အင်း လို့ပြောလိုက်တယ် …
၁၁ လမ်းမှာ မီးပျက်နေတယ်ထင်တယ်
တစ်လမ်းလုံးမှောင်မဲလို့ …
မီးပျက်နေတယ်လေ လှေကားမှာမှောင်နေမှာပေါ့
ကိုယ်အပေါ်ထိလိုက်ပို့မယ်လေ ဆိုတော့ သူနည်းနည်းတွေဝေသွားတယ် …
ကားခပေးပြီး နှစ်ယောက်စလုံးဆင်းလိုက်တဲ့အထိ
မီးကပြန်မလာသေးဘူး …
ဘယ်လိုလုပ်ချင်လဲ အအေးသွားသောက်မလား
ဒါမှမဟုတ် ကိုယ်အပေါ်ကို လိုက်ပို့ပေးရမလားဆိုတော့ …
နားချင်နေပြီကွာ အခန်းရှေ့အထိလိုက်မပို့နဲ့
တတိယထပ်အထိတော့ လိုက်ပို့လို့ပြန်ပြောတယ် …
မှောင်မဲနေတဲ့ လှေကားထစ်တွေကို
သူနဲ့တက်ရတာ ဒါပထမဆုံးအတွေ့အကြုံပဲ …
သူ့လက်ကိုတွဲပြီး လှေကားထစ်တွေကို
တစ်ထစ်ချင်းတက်ရတယ် …
ပထမထပ်ရောက်တော့ လှေကားထစ်အချိုး
အချိုင့်တစ်နေရာမှာ သူတစ်ချက်ယိုင်သွားတော့ ကိုယ်သူ့ခါးကို အသာဖမ်းထိန်းလိုက်ရတယ် …
ကျေးဇူးလို့ သူပြောပေမယ့် ကိုယ်ပြန်မလွှတ်လိုက်ဘူး
…
ဒုတိယထပ်ရောက်တော့ ကားခရောကျန်သေးတယ်မဟုတ်လားလို့
သူ ရုတ်တရက်မေးတော့ ကိုယ်ဘာမှ ပြန်မပြောဘူး …
ဒီအချိန်မှာ ကိုယ်စဉ်းစားနေမိတယ်
တတိယထပ်ကို ဘယ်လိုမြန်မြန်မရောက်အောင် အချိန်ဆွဲရမလဲဆိုတာ …
တတိယထပ်ကိုရောက်မယ့် လှေကားထစ်ကို
စတက်တော့ ဘာရယ်မဟုတ်ပဲ ကိုယ်ပြောလိုက်မိတယ် …
ကိုယ့်မှာ ငါးထောင်တန်တစ်ရွက်ပဲရှိတော့တယ်
တစ်ထောင်တန်နဲ့ လဲပေးပါလား လို့ …
သူက အင်းဆိုပြီး ဖုန်းအလင်းရောင်အောက်မှာ
ပိုက်ဆံအိတ်အညိုလေးကိုဖွင့်ပြီး တစ်ထောင်ငါးရွက်ကို ယူနေတယ် …
ကိုယ် ရုတ်တရက်ငုံ့ပြီး သူ့နဖူးအေးအေးလေးကို
နမ်းလိုက်တော့ သူငြိမ်သွားတယ် …
သူ့ခါးကို ဆွဲယူပြီး ဆံပင်တွေကြားကနေ
သူ့ဘယ်ဘက်ပါးကို ဆက်ပြီးနမ်းမိတော့ သူကိုယ့်ခါးကို ပြန်ဖက်ထားတယ် …
စက္ကန့် သုံးဆယ်လောက်တော့ ကြာသွားမယ်ထင်တယ်
… ရုတ်တရက်
အသိပြန်ဝင်လာတဲ့ လေသံနဲ့ …
မလုပ်နဲ့လေ ခုနေ မီးပြန်လာရင်
လူတွေ တွေ့ကုန်မှာပေါ့ သူပြောတော့ ကိုယ့်နှုတ်ခမ်းကို သူ့ညာဘက်ပါးကနေ ပြန်ခွာလိုက်ရတယ်
…
ဒါပေမယ့် ဖုန်းအလင်းရောင် မှိန်မှိန်လေးကနေ
သူမျက်လုံးတွေကို ကြည့်လိုက်တော့ စိတ်ဆိုးဟန်တော့ မပြဘူး …
တတိယထပ်မှာ ကိုယ်ရပ်ပြီးကျန်ခဲ့တော့
သူအပေါ်ကို ဆက်တက်သွားတယ် …
သူတံခါးကိုခေါက်နေတုန်း ကိုယ်
တတိယထပ်က လှေကားထောင့်ကို မှီပြီး ရပ်နေပြီး ကိုယ့်အတွေးနဲ့ကိုယ် ပြုံးမိတယ် …
သံပန်းတံခါးဖွင့်သံနဲ့အတူ အသံတွေ
တိတ်သွားတော့မှ လှေကားထစ်တွေကို တစ်ထစ်ချင်းအသေအချာနင်းပြီး ပြန်ဆင်းခဲ့လိုက်တယ် …
မြေညီထပ်ရောက်တော့ မီးပြန်လာတာနဲ့အတူ
ဟေး ဆိုတဲ့ ကလေးတစ်သိုက်အော်သံကြားလိုက်ရတယ် …
ကိုယ် ၁၁ လမ်းပေါ်ပြန်ရောက်လို့
လေးလွှာဆီမော့ကြည့်လိုက်တော့ ၀ရံတာမှာ သူထွက်လာပြီး လက်လှမ်းပြနေတယ် …
ပြီးတော့ ကိုယ့်ကို နေဦးဆိုတဲ့
အမူအရာနဲ့ အထဲပြန်ဝင်သွားတယ် …
ခဏကြာတဲ့အထိ ပြန်ထွက်မလာဘူး
သူဘာလုပ်မှာလဲဆိုပြီး ကိုယ်ရင်ခုန်သွားတယ် …
ကိုယ်သူ့ဖုန်းကို ခေါ်လိုက်ရမလားဆိုပြီး
တွေးနေတုန်း မြေညီထပ်သံပန်းတံခါးကို သူ တွန်းဖွင့်ပြီးထွက်လာတယ် …
ခုနက တစ်ထောင်တန်လဲမယ်ဆို ရော့
လို့ပြောပြီး ကိုယ့်ကိုလှမ်းပေးတော့ ကိုယ် ငါးထောင်တန်တစ်ရွက်ပြန်ပေးလိုက်တယ် …
အဲဒီ့မှာ ကိုယ့်အိတ်ကပ်ထဲမှာရှိနေတဲ့
တစ်ထောင်တန်တချို့ကို မီးရောင်ကြောင့် သူလှမ်းမြင်တော့ ဟင် ဆိုပြီး နှုတ်ခမ်းကိုက်ပြီး
ကိုယ့်ကိုမျက်စောင်းထိုးတယ် … ပြီးတော့ ရှက်သလိုပြုံးတယ်
…
ပြီးတော့ လှေကားထစ်တွေအတိုင်း
အပေါ်ကို ပြေးတက်သွားပါလေရော …
ကိုယ်ကတော့ သူပေးတဲ့ တစ်ထောင်တန်ငါးရွက်ကို
လက်ထဲမှာကိုင်ထားရင်း သူ့နောက်ကျောကိုငေးကြည့်နေမိတယ် …
ဒီတော့မှ ခုနက တတိယထပ်မှာ သူ့ပါးမို့မို့လေးကိုနမ်းရင်း
သူမသိအောင်ဖြုတ်ပြီးယူခဲ့တဲ့ ကိုယ့်ဘောင်းဘီအိပ်ကပ်ထဲက စိန်လော့ကက်သီးနဲ့ ဆွဲကြိုးလေးအတွက်
ကိုယ်အခုမှ စိတ်ချသွားတော့တယ် …
မနက်ဖြန် ဒီဖုန်း sim card ကိုပြန်ရောင်းပြီးရင်တော့
သူကို ထားခဲ့ရမယ့် အထိမ်းအမှတ်အတွက် ၁၉ လမ်းမှာ သူငယ်ချင်းတွေနဲ့ ဆုံဦးမှပါလေ …
----------------------------
စိုးသူရ
10:55 pm
(10-6-2014)
No comments:
Post a Comment