အိပ်မက်တစ်ခုကို အဆုံးစွန်အထိ အခါခါမက်ရင်း
မရေတွက်နိုင်တဲ့ သက်ပြင်းတွေကိုသာ အကြိမ်ကြိမ်ချ …
ဘယ်တော့မှ မပိုင်ဆိုင်နိုင်မှန်းသိသိနဲ့
ကိုယ်ဟာ ဒီကြယ်ပွင့်လေးကိုပဲ ခူးဆွတ်ချင်နေမိ …
မတူညီတဲ့ခံစားချက်နှစ်ခုကို အတင်းဆွဲညှိတဲ့အခါ
အဝေးကသူ့မျက်ရည်တွေရဲ့ ဝေဒနာစီးကြောင်းမှာ
ကိုယ်ဟာ ကိုယ်ခံအားမကောင်းခဲ့ပြန်ဘူး …
အလူးအလဲတစ်ကြိမ်ရှုံးနိမ့်တိုင်း
လောကဓံကြိုးဝိုင်းအပြင်ဘက်တစ်နေရာက
သူ့အားပေးသံတိုးတိုးလေးကို ပြန်လည်ကာကြားယောင်
ကိုယ်ဟာ ဟန်ဆောင်ကောင်းတဲ့အတတ်ပညာမှာ အမြဲသုည …
ဒီဘ၀တော့ ဒီ့ထက် ဘာတွေပိုဆိုးနိုင်ဦးမလဲ …
ရေမြေတွေလည်း ခြားနေဆဲ
အဖြေတစ်ခုဆိုတာလည်းေ၀၀ါးမသေမချာ
အတူနေဖို့ဆိုတာလည်း အနေအထားကမရေမရာ
သေချာတာတစ်ခုက သိပ်ချစ်တယ်ဆိုတဲ့ အသိစိတ်ကလေးနဲ့
ညမအိပ်ခင် သူ့နာမည်လေးကို ပုံမှန်မေတ္တာပို့ ...
ဒီလိုနဲ့ပဲ တို့နှစ်ယောက်ကြားက မိုင်ထောင်ချီခရီးဟာ
အိပ်မက်ထဲမှာတော့ တကယ့်ကို နီးနီးကလေးပေါ့ ...
မျှော်လင့်ချက်ဆိုတာလည်း ဘယ်တော့မှ ကုန်ခန်းမသွားတဲ့ သဲပွင့်လေးတွေ ….
……………………………………………………………………………….
စိုးသူရ
(6-6-2013)

No comments:
Post a Comment