မေ့လိုက်တော့
ဆိုတဲ့စကားကို ပေါ့ပါ့ပါးပါးပြောထွက်ဖို့ …
အပြုံးကလေး တစ်ချက်မပျက်ပဲ
တွဲထားတဲ့လက်ကို
အသာကလေးဖြုတ်လိုက်ဖို့ …
ငါ့ကွယ်ရာမှာ
မင်းဘယ်နှစ်ခါ ဇာတ်တိုက်လေ့ကျင့်ထားခဲ့တာလဲ …
ငါတော့ မျက်ရည်နည်းနည်းဝဲချင်လာတယ်
…
အသည်းကွဲတယ်ဆိုတာလည်း
ခံစားချက်တစ်မျိုးပဲ …
မေ့လွယ်ပျောက်လွယ်
ဒီခေတ်ကြီးမှာ
အချစ် အပါအ၀င်
အရာရာဟာလည်း
ကျောခိုင်းလိုက်တာနဲ့
နောက်အသစ်တစ်ခုရောက်လာမှာပဲတဲ့လား…
အဲဒါကလည်း မင်းယုံကြည်ထားတဲ့
လောကအမြင်ပေါ့ …
မင်းပုခုံးပေါ်ဝဲကျနေတဲ့
ဆံနွယ်လေးတွေရဲ့ ပျော့ပြောင်းမှုဟာ
မင်းအသည်းနှလုံးမာခြင်းအဆင့်နဲ့
ပြောင်းပြန်အချိုးကျတယ် …
မင်း သိပ်ကြိုက်တဲ့
သစ္စာရှိကြေး ဆိုတဲ့ သီချင်းဟာ
အခုတော့ မင်းမာယာသင်္ကေတတွေအောက်မှာ
တိုးတိတ်ဆွံ့အလို့ …
တဖြည်းဖြည်းချင်း
ကျဆုံးခဲ့တဲ့ ငါ့မာနသက်ပြင်းတွေထဲမှာလည်း
မင်းကိုယ်သင်းရနံ့ဟာ
လူးလွန့်တုန်ခါနေဆဲ…
ဒီဘ၀ ၀င်္ကပါထဲ
နောင်တစ်ချိန် နောင်တစ်ကွေ့မှာ
ပြန်တွေ့တဲ့အခိုက်အတန့်လေးရောက်ရင်
မင်းနာမည်ကိုပဲ
ငါ ကြည်နူးစွာပြန်ခေါ်ချင်ပါရဲ့ …
သိတယ်မဟုတ်လား
…
မင်းအတွက်ဆို
ငါက အမြဲသေမိန့်ကျထားတဲ့ သားကောင်ပါ …
မင်း အစွယ်တွေကို
အသာဖွက်ပြီး
ငါ့ကို ဒဏ်ရာတွေနဲ့
နာကျည်းအောင်လုပ်မနေပါနဲ့ …
အချစ်နဲ့ပတ်သက်လာရင်
တစ်ယောက်ယောက်ကတော့
အသေအချာပြတ်သားသင့်တယ်လေ …
အရင်ကျောခိုင်းသွားနိုင်သူ
မင်း … အမြဲပျော်ရွှင်နိုင်ပါစေ …..
………………………………………………………………
စိုးသူရ
(3-6-2013)
No comments:
Post a Comment