ဝေရမှာကို ပျော်ရွှင်သလောက်
ကြွေကျမှာကိုလည်း
သိပ်မကြောက်နဲ့ပေါ့ …
ဟောတော့ ကိုယ်ချင်းစာတရား
ပြောတော့ ဥပေက္ခာစကား
…
ဘုရားတောင် အမှီမရှိရင်
မပွင့်တဲ့အကြောင်း
ဒီဓာတ်ပြားဟောင်းကြီးပဲ
အခါခါဖွင့် …
ခင်ဗျားကတော့
သေပန်းပဲလှိုင်လှိုင်ပွင့်မှာ …
ငါ ဆိုတာလေး
နည်းနည်းလျှော့
ပညာမာနလေးလည်း
နည်းနည်းလျှော့ … ဟုတ်လား …
အေးပေါ့လေ … ခင်ဗျားက ပညာမှမတတ်တာ
ပညာတတ်တို့ရဲ့
မာနတရားအကြောင်း
ဘယ်ကောင်းကောင်းနားလည်ပါ့မလဲ
…
တွေ့လား … စကားထဲမှာ ပြလိုက်ရတဲ့ဇာတိ
ခင်ဗျားကျတော့
ငါမရှိရင် ဘာမှဖြစ်မလာတော့တဲ့ပုံစံဖမ်း …
နေပါဦး … တစ်ခုလောက်တော့ ပြောလိုက်ချင်စမ်းရဲ့
ခင်ဗျားသိထားတဲ့
ပျော်ရွှင်မှုဆိုတာ
သဒ္ဒါစည်းကမ်းအရသာ
စိတ္တဇနမ်ဗျ …
တကယ်တမ်းကျတော့
အားလုံးပိုင်တဲ့ အများဆိုင်နာမ် …
တခြားသူတွေမပျော်ရင်
ခင်ဗျားရော ဘယ်လောက်ရေရှည်ခံမလဲ
နည်းနည်းလေးတော့
စဉ်းစား …
အဖြေဟာ ခင်ဗျားအမြဲရှာနေကျ
Wikipedia ထဲမှာတော့
မရှိဘူး … သေချာတယ် …
…………………………………………………….
စိုးသူရ
(20-6-2013)
No comments:
Post a Comment