အပြောင်းအလဲက
တကယ်ကို ရက်ရက်စက်စက် …
အသက်ကိုမျှဉ်းမျှဉ်းရှူလို့
...
နေပူကြီးထဲအဆိပ်သင့်လို့
...
အနေအထားကတော့
ဘူးလေးရာဖရုံဆင့်ပဲ …
ရှိသမျှလည်းကုန်ပြီ
ကုန်သမျှလည်း
ထပ်မရှိနိုင်တော့ဘူး …
ဆုပ်လည်းစူး
စားလည်းရူးဆိုတာ
စကားအဖြစ်ပြောတော့သာလွယ်လွယ်လေး
...
အင်းလေ …
ခုချိန်ရောက်မှ ထွက်လည်းမပြေးနိုင်တော့ …
ငရဲကြီးရှစ်ထပ်ဟာ
လူခြေတိတ်ချိန်မှာ
အပေါ်ကိုတက်လာပြီး
ကမ္ဘာကြီးကို
ခြုံခိုတိုက်ခိုက်နေသလား …
မြင်သမျှ ကြားသမျှ
ခံစားရသမျှ
ဘယ်လိုမှကှို
တရားနဲ့မဖြေနိုင် …
ဂလိုဘယ်လိုက်ဇေးရှင်းကို
စာလုံးမှန်မှန်ပေါင်းတတ်ရုံ
နိုင်ငံတကာသတင်းကို
အသံကျယ်ကျယ်ဖွင့်ပြီးကြည့်တတ်ရုံ
ဖန်လုံအိမ်အာနိသင်အကြောင်းကို
သိုးဆောင်းဘာသာစကားနဲ့ ပြောတတ်ရုံ …
ဒါတွေနဲ့ပဲ အချိန်ကုန်တော့မှာလား
…
စဉ်းစားမိရင်
နည်းနည်းတော့ စိတ်ကုန်ချင်စရာ …
ပြောတော့ ကမ္ဘာကြီးဟာ
ရွာကြီးတစ်ရွာပဲဆို ..
ကဲ …
ဘယ်မလဲ …
ကျွန်တော်တို့လိုချင်မြဲ
လိုချင်နေတဲ့ ညီညွတ်စွာဖြေရှင်းမှု …
ကိုယ့်အပြစ်
သူ့ပေါ်ပုံချ …
သူ့အပြစ်ကျ အားရပါးရဖော်ထုတ်
…
အပူရုပ်ကိုဟန်လုပ်ပြီး
လုပ်လိုက်ရတဲ့ ဆွေးနွေးပွဲတွေ
ရလာဒ်ကတော့ သေသေချာချာမရှိသေးလည်း
လူလုပ်တဲ့ သဘာဝလွန်စည်းစိမ်တွေကြားထဲ
ကျွန်တော်တို့အားလုံး
လူရုပ်မပေါက်တော့တဲ့အခါ …
ခုတလော …
နေလို့ထိုင်လို့မကောင်းတာတော့ အမှန်ပဲ ….
……………………………………………………………
စိုးသူရ
(9-5-2013)
No comments:
Post a Comment