Tuesday, May 7, 2013

ဒွိဟလမ်းဆုံ

ချည်နှောင်ခံရသူဟာ မပျော်ရွှင်နိုင်သူတဲ့လား …
ကိုယ်ထားခဲ့တဲ့သစ္စာတရားဟာ
မင်းကို ချည်ထားတဲ့ ကြိုးတစ်ချောင်းဖြစ်ခဲ့တယ်ဆိုရင်
ဒီနေရာမှာတင် ဖြေလျော့ပေးလိုက်ချင်ပါရဲ့ …

ရင့်ကျက်မှုနဲ့ တိုက်ရိုက်အချိုးကျတဲ့ အချစ်ဟာ
မင်းလိုချင်သလို မလေးနက်ခဲ့ဘူးတဲ့လား …
ကိုယ့်မျက်လုံးတွေကို တစ်ချက်လောက်စိုက်ကြည့်ပေးပါ …
တစ်ခါတလေတော့လည်း အနက်ရှိုင်းဆုံးအရာတွေဆိုတာ
သာမာန်ခံစားချက်ကလေးနဲ့တော့ မြင်နိုင်မှာမဟုတ်ဘူးလေ …

စဉ်းစားချင့်ချိန်မိတဲ့ အပြုအမူတွေဟာ
မင်းမလိုချင်တဲ့ ဥပေက္ခာတွေတဲ့လား …
နူးညံ့တဲ့ မင်းပါးလေးကို ရှိုက်နမ်းချင်စိတ်ကိုမြိုသိပ် ...
မင်းအရိပ်ကလေးကိုတောင် နာကျင်မှာစိုးတဲ့စိတ်နဲ့
ဟုတ်တယ် … ကိုယ့်ကို မင်းတပ်လိုက်တဲ့ တံဆိပ်ဟာ
သိပ်တော့လည်း မလွန်ပါဘူး …
ကိုယ်ဟာ အဲဒီလို ထူးထူးခြားခြားအတွေးတွေနဲ့
မင်းရှင်သန်ဖြစ်တည်မှုကလေးကို အမြဲငဲ့ညှာခဲ့သူပါ …

တွေဝေခြင်းဟာ စစ်မှန်တဲ့ သံယောဇဉ်မဟုတ်ဘူးတဲ့လား …
ဟင့်အင်း … ဒီနေရာမှာတော့ မင်းမှားနေပြီ …
မပြတ်သားနိုင်သူဟာ ကိုယ်မဟုတ်ပါဘူး …
ဆူးကလေး ဆူးမယ်မှန်းသိသိနဲ့
မင်း ဆိုတဲ့ နှင်းဆီပွင့်လေးကို ငြိတွယ်ခဲ့တဲ့လူ …
ကိုယ့်ဟာ ဘယ်တော့မှ နောင်တလည်းမရခဲ့သူပါ …
ဒီတော့ မင်းဘယ်တော့မှ ကိုယ်ချင်းမစာပါနဲ့ …
ဒီနေရာမှာပဲ ကိုယ်နေရစ်ခဲ့ပါပြီ …
…………………………………..

စိုးသူရ
(8-5-2013)

No comments:

Post a Comment