Monday, May 6, 2013

မြေနီကုန်း



နေရာတကာနေရာယူထားတဲ့ ဆေးရောင်စုံစာလုံးတွေ ...
မီးပွိုင့်မှာ မတ်တပ်ရပ်နေတဲ့ ခပ်နွမ်းနွမ်းစပယ်ပန်းကုံးတွေ ...
ကားပြူတင်းမှာ ပေါ်ပေါ်လာတဲ့ ဂျာနယ်မျက်နှာဖုံးတွေ ...
လက်ဝါးဖြန့်ပြီး မျှော်မျှော်နေတဲ့ ဆာဆာလောင်လောင်မျက်လုံးတွေ ...
ချွေးစိုနေတဲ့လက်ကိုင်ဖုန်းထဲက ကျယ်ကျယ်လောင်လောင်စကားလုံးတွေ ….
အသေအချာ အတိအကျ အတွက်အချက်နဲ့
အိမ်ပြန်ချိန် ခြေလှမ်းသွက်သွက်တွေ ..
မရေမရာ မရှုမလှ အပျက်အပျက်နဲ့
အိမ်ပြန်ချိန် ခြေလှမ်းခက်ခက်တွေ …
အားလုံး အားလုံးအဆင်ပြေတယ် …
ဝယ်မလား ရောင်းမလား … ရောင်းမလား ၀ယ်မလား
ဈေးကွက်ဟာ ကျားကွက်လို အလျော်အစားနဲ့ ...
အပျော်အပါးက နည်းနည်းနဲ့ ခပ်စိပ်စိပ် ...
မြတ်ဘုရားရွှေတိဂုံရဲ့ အရိပ်မှာ တိတ်တိတ်ကလေး ချွေးသိပ်ပြီး
အသံတွေ အသံတွေ ဘယ်တော့မှ မတိတ်တဲ့ မြို့ကြီးပြကြီးပြယုဒ် ...
ဒါနဲ့တောင် သူမဟုတ်သလို ခပ်ရို့ရို့မျက်နှာပေးနဲ့
ဖြတ်သွားဖြတ်လာတွေကို ဆွေးဆွေးလေး
တကယ့်ကို ဆွေးဆွေးလေး ...
သူလေ ငေးငေးကြည့်နေသေးတယ် …
……………………………………....

စိုးသူရ
(6-5-2013)

No comments:

Post a Comment