Friday, May 24, 2013

ကိုယ်ဟာ ခပ်ညံ့ညံ့ကြောင်တစ်ကောင်




ကိုယ်ဟာ ခပ်ညံ့ညံ့ကြောင်တစ်ကောင်ပါ …
မင်းရဲ့ ခါးသက်သက်ဥပေက္ခာလှောင်အိမ်ထဲ
တိတ်တိတ်ကလေး မျက်ရည်ဝဲရင်း ငြိမ်သက်နေပေါ့ …

ဘယ်တော့မှ မရနိုင်မှန်းသိသိနဲ့
မင်းရဲ့ အကြင်နာချော့မြူသံချိချိုလေးကိုပဲ
အိပ်မက်ထဲတောင် ထည့်ထည့်ပြီးကြားယောင်လို့ …

ကရုဏာတော်မင်းမျက်ဝန်းတွေအောက်
နောက်တစ်ယောက်ပေါ်လာမှာကို စိုးရိမ်တွေးနဲ့
မင်းရင်ခွင်အနွေးဓာတ်ငွေ့ငွေ့လေးကို
ကမ္ဘာကြီးတစ်ခုလို တမ်းတမက်မောနေတတ်သူ …

တစ်နေ့တာလုံး အတူတူမရှိရင်တောင်
နေရောင်တွေ ကုန်ဆုံးချိန်ရောက်ရင်
မင်းပြန်လာမယ်ဆိုတဲ့ အသိနဲ့တင်ကျေနပ် …
မင်းထားရာမှာ ပျော်အောင်နေတတ်လို့ ….
မင်းရဲ့ ညှို့စက်ကွင်းလှလှလေးထဲ
ပျော်ပျော်ကြီး လှဲလျောင်းရင်း အိပ်စက်ချင်ယောင်ဆောင်နေခဲ့မိတာ
အင်းလေ … မင်းအတွက်တော့ ကိုယ်ဟာ ခပ်ညံ့ညံ့ကြောင်တစ်ကောင်ပါ …
…………………………………………………………………………………………….

စိုးသူရ
(24-5-2013)



No comments:

Post a Comment