ဝရံတာမှာ ချိတ်ထားတဲ့
ထောင့်ငါးရာတန် သစ်ခွပန်းအိုးလေးကိုပဲ
အရိပ်တကြည့်ကြည့်
လူတွေမရိပ်မိအောင် ပန်းအဖူးလေးကို
ခိုးခိုးပြီးနမ်း …
စိတ်ညစ်ပါတယ် …
ဒီနေ့လည်း လမ်းပေါ်မှာ သူ့ကို
မတွေ့ပြန်ဘူး …
မြေညီထပ်က စတိုးဆိုင်လေးထဲမှာ
သူခေါ်နေတဲ့ နံပါတ်ဟာ ၀၁-၇၃ နဲ့စတာလား
…
စိတ်ကစားတယ်ဆိုတာ နည်းနည်းတော့ပင်ပန်းသား
…
အခုတလော အချစ်ဇာတ်ကားတွေလည်း
မကြည့်ဖြစ်တာကြာပြီ …
ဧည့်ခန်းထဲက တိုင်ကပ်နာရီကို
ခနခနမော့ကြည့်ပြီး
ချစ်ရည်းစား ထားချင်တယ် ဆိုတဲ့
စာသားကို တိုးတိုးလေးဆို …
ဟင့်အင်း … သူများတွေ
ကိုယ့်ကို လှောင်ရယ်မှာတော့မခံချင်ပေါင် ….
ဟန်ဆောင်ပန်ဆောင်လေးတောင် သူမော့မကြည့်တော့ပါလား
…
ဒီလိုလား … ဒီတစ်ခါလာရင်
တံခါးဖွင့်မပေးတော့ဘူးမှတ် …
အင်း … ငါ
သူနဲ့ရော တကယ်ပြတ်နိုင်လို့လား …
မှုန်ဝါးလာတဲ့ အကြည့်တစ်ချက်မှာ
တုန်ခါနေတဲ့ ပင်ကိုယ်အသိနဲ့
အလိုလိုတိုလာတဲ့ စိတ်ကို သော့ခတ်ပြီး
စိပ်ပုတီးကို လက်မှာ အသာပတ်ရင်း
အငယ်ဆုံးမြေးလေးကိုပဲ ထမင်းခွံ့ကျွေးနေမိတယ်
….
………………………………………………………
စိုးသူရ
(16-5-2013)
မှုန်ဝါးလာတဲ့ အကြည့်တစ်ချက်မှာ
ReplyDeleteတုန်ခါနေတဲ့ ပင်ကိုယ်အသိနဲ့
အလိုလိုတိုလာတဲ့ စိတ်ကို သော့ခတ်ပြီး
စိပ်ပုတီးကို လက်မှာ အသာပတ်ရင်း
အငယ်ဆုံးမြေးလေးကိုပဲ ထမင်းခွံ့ကျွေးနေမိတယ် ….
နောက်ဆုံးအပိုဒ်လေးရောက်တော့တော်တော်သဘောကျသွားတယ်..
Thanks a lot, sis ... for reading and enjoying this poem ...
ReplyDelete