Sunday, April 28, 2013

နောက်ကျနေပြီလား

မိုင်ပေါင်းထောင်ချီလျှောက်လှမ်းနေပြီး
ဘယ်ခရီးကိုမှ အဆုံးမသတ်နိုင်သေးတဲ့အဖြစ် ...

ငါတို့ဟာ ခေတ်ရဲ့မုဆိုး
ငါတို့ပဲ ခေတ်ရဲ့သားကောင် ...

ကမ္ဘာကြီးမီးလောင်ရင် ဘယ်သူက ဘယ်သူ့ကိုချနင်းကြမလဲ ...

ငါတို့ခေါင်းထဲမှာ လင်းလက်ပျိုမြစ်
ချစ်ခြင်းတရားတွေ လတ်ဆတ်နုနယ်
ကမ္ဘာကြီးကတော့ ချစ်ခြင်းမေတ္တာငတ်နေတယ် ...

ပွေ့ဖက်လိုက်ကြ
တိုက်ခိုက်လိုက်ကြ ...

လက်ဆွဲနှုတ်ဆက်လိုက်ကြ
နောက်ကျောကိုဓားနဲ့ထိုးလိုက်ကြ ...

စုဝေးဆွေးနွေးလိုက်ကြ
လက်ဝါးကြီးအုပ်ဖို့ကြိုးစားလိုက်ကြ ...

ငြိမ်းချမ်းရေးအကြောင်းပြောလိုက်ကြ
အသေခံဗုံးခွဲလိုက်ကြနဲ့ ...

ကမ္ဘာကြီးကို ကယ်တင်ဖို့ထက်
ကိုယ်တိုင်မနစ်မြုပ်အောင် မနည်းအသက်ဆက်နေရ ...

ကမ္ဘာကြီးဖောက်ပြန်တာကို အပြစ်ဖို့ပြီး
ကိုယ့်ဖောက်ပြန်မှုကို လျစ်လျူရှုခဲ့ကြ ...

ကမ္ဘာကြီးရဲ့ ချို့ယွင်းချက်ကိုဖော်ထုတ်ပြီး
ကိုယ့်အားနည်းချက်ကို ဖုံးကွယ်ခဲ့ကြ ...

ဦးနှောက်ထဲ အမြစ်တွယ်နေတဲ့ ချစ်ခြင်းတရားကို
နှလုံးသားဆီ ဖြန့်ကြက်ဖွဲ့သီဖို့ကိုတော့
အခုထိ မေ့လျော့နေကြတယ် ...
~~~~~~~~~~~~~~~~~~

စိုးသူရ


No comments:

Post a Comment