လှိုက်လှဲစွာကြိုဆိုပါတယ်ခင်ဗျာ
...
ဒီဘက်မှာဖွင့်ထားတဲ့
တံခါးမကြီးကတဆင့်အထဲကိုကြွပါ ...
လူကြီးမင်းတို့လို
လူကြီးလူကောင်းတွေအတွက်
ကျွန်တော်တို့ရဲ့
အကောင်းဆုံးသောလက်ရာတွေကို
တည်ခင်းဧည့်ခံပါရစေ
...
ရွှေရောင်ငွေရောင်အနားကွပ်
ကတ္တီပါအခင်းစွပ်ထားတဲ့
ဟောဟိုက စားပွဲဝိုင်းကြီးရဲ့
သင့်တော်တဲ့
တစ်နေရာရာမှာ
လူကြီးမင်းအဆင်ပြေသလို
နေရာယူပါ ...
တစ်ဆိတ်လောက်ခင်ဗျာ
...
လူကြီးမင်းရဲ့
အနက်ရောင်ကုတ်အင်္ကျီကို ကျွန်တော်ခဏသိမ်းထားပေးပါရစေ ....
ပထမဆုံးအနေနဲ့
အနံ့အရသာနဲ့ပြည့်စုံတဲ့
စပျစ်ဝိုင်တစ်ခွက်
လောင်းငှဲ့ပေးပါရစေ ...
စိတ်ချပါ
...
လူကြီးမင်းရဲ့
ဂုဏ်သိက္ခာကို တစ်စက်မှမစွန်းစေရပါဘူး ...
ဒါက ဒီနေ့ညအတွက်
စပယ်ရှယ် မီနျူးပါ ...
ဟုတ်ကဲ့
... လူကြီးမင်းရှောင်တဲ့ အသားတွေမပါပါဘူး ...
ဟုတ်ကဲ့ အသားတွေအားလုံးကို
နူးနေအောင်စီစဉ်ပေးပါတယ် ...
စိတ်ချပါ
...
လူကြီးမင်းရဲ့
အတ္တအစွယ်တွေ လုံးဝ မညောင်းစေရပါဘူး ...
စင်မြင့်ပေါ်မှာ
တင်ဆက်ဖျော်ဖြေနေတာက
ကျွန်တော်တို့ရဲ့
အလှပဆုံးသော ကချေသည်ပါ ...
ဟုတ်ကဲ့
... နားလည်ပါတယ် လူကြီးမင်း
လူကြီးမင်းနားဆင်လိုတဲ့
သီချင်းကို တောင်းဆိုပေးပါ့မယ် ..
အပိုဆုကြေးလား
...
ဒါကတော့ လူကြီးမင်းရဲ့
သဒ္ဓါတရားကြီးမြတ်မှုအတိုင်းပါ ...
ချိုမြရွှမ်းစိုသော
အချိုပွဲကတော့
ကျွန်တော်တို့ရဲ့
အကောင်းဆုံးလက်ဆောင်ပါ ...
လူကြီးမင်းသုံးဆောင်ရတာ
အဆင်ပြေစေဖို့
ကျွန်တော်တို့
ပန်းကန်ဘေးမှာ
ခက်ရင်းသေးသေးလေးချပေးထားပါတယ်
...
လူကြီးမင်းရဲ့
အထိမခံသော မာနကို စူးစိုက်သွားမှာ မစိုးရိမ်ပါနဲ့
သူက ပလတ်စတစ်အပျော့စားနဲ့
လုပ်ထားတာပါ ...
ဖြည်းဖြည်းထပါ
လူကြီးမင်း ...
ဒီညတည်ခင်းတဲ့
ဂုဏ်သရေရှိညစာကို
အခုလို လာရောက်ချီးမြှင့်ပေးတဲ့အတွက်
ကျွန်တော်တို့အားလုံးက
ကျေးဇူးတင်လျက်ပါ ...
သြော်
... ဟုတ်ကဲ့ ...
ဒီမှာ လူကြီးမင်းရဲ့
နာမည်ကြီးတံဆိပ်နဲ့ ကုတ်အကျီင်္ပါ ...
လူကြီးမင်းရဲ့
မွှေးပျံ့သော တစ်ကိုယ်ရည်တစ်ကာယလျှို့ဝှက်ချက်များ
ကျွန်တော်တို့
လုံးဝ လက်ဖျားနဲ့တောင်တို့မထားပါဘူး ...
လူကြီးမင်းကို
အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ ...
......................................................................
စိုးသူရ
(16-3-2013)
No comments:
Post a Comment