Sunday, March 17, 2013

ပျားရည်ဆူး



နင့်မျက်ဝန်းနက်နက်ကလေးတွေကို
သတိတရ အာရုံစိုက်ကြည့်တော့
အရင်လိုပဲ ပြန်အငိုက်မိသွားတယ် …

ရေခြားမြေခြား … ဆိုတာ
တို့နှစ်ယောက်ကြားမှာ
အလိုမတူပဲ တားထားတဲ့စည်း
နင်နဲ့နီးချင်တဲ့စိတ်ဟာ ငါ့ရင်ကိုခုထိ မောစေတုန်း ….

“ငါ့က နင့်ထက်သုံးနှစ်ကြီးတယ်နော်
ငါ့ကို ဟန်နီလို့ မခေါ်နဲ့ …”

ဒါပေမယ့် ငါကတော့ ဆက်ခေါ်မှာပဲ ဟန်နီ …
နင်ဟာ ငါ့ဘ၀အတွက်
ချိုမြိန်သော ပျားရည်တစ်စက် …
ပြီးတော့ ငါ့အိပ်မက်တွေကို နင်ပဲ အသက်ဆက်ပေးခဲ့တာ …
အဲဒါကိုတော့ နင်မညာပါနဲ့ဟာ …

အဲဒီနေ့က မိုးတွေရွာတယ် …
ငါ့မျက်ဝန်းမှာလည်း မိုးတွေရွာတယ် …
နင့်ကို သယ်သွားတဲ့ လေယာဉ်ပျံကြီးဆီမော့အကြည့်မှာ
ငါနင့်ကို မေးလိုက်ချင်တာ တစ်ခုထဲ …
နင် ဘာလို့ အဲလောက် ဟန်ဆောင်ကောင်းရတာလဲ ဟန်နီ …

ခုတော့ …
Enter တစ်ချက်ခေါက်လိုက်ရုံနဲ့
ရင်ခုန်သံတွေဟာ နင့်နာမည်ဖြစ်သွားတယ် …
ကလစ်တစ်ချက်နှိပ်ရုံနဲ့
နင့်အရိပ်ဟာ ငါ့ wallpaper ဖြစ်သွားတယ် …
ငါ့ chat box မှာ နင့်အတွက် Hello တွေအပြည့်
နင်ကတော့ ဒီချာတိတ်ကို မေ့နေလောက်ပါပြီ …

နင့်အကြောင်းရေးတဲ့ကဗျာတွေမှာ
ငါအသက်တောင် ရဲရဲမရှူဝံ့ပါဘူး …
သိပ်ရူးတာပဲ လို့ ငါ့ကိုမပြောပါနဲ့ …
နင်ချန်ထားခဲ့တဲ့ အထီးကျန်ကမ္ဘာဟာ
ငါ့အတွက်တော့ နေရောင်မပါတဲ့ အမှောင်ဘက်ခြမ်းပဲ …

နင်ဆက်လျှောက်မယ့်လမ်းမှာ
ငါ့နှလုံးသားဟာ ဘယ်သူမှမသိပဲ ကြွေခဲ့ရတဲ့ပန်း …
ဟိုတုန်းကတော့ နင်ကြည်ကြည်နူးနူးနမ်းခဲ့ဖူးတာပေါ့ ….

ဟန်နီ …
နင်ငါ့ဆီကို တကယ်ပြန်မလာတော့ဘူးလား …
တချို့သော နှုတ်ဆက်စကားတွေမှာ Goodbye ဆိုတာမလိုခဲ့ဘူးနော် …
နင်ပျော်နေမယ်လို့တော့ ငါထင်တာပဲ …
ငါကတော့ အရင်လိုတစ်ယောက်ထဲ
ဒါပေမယ့် အရင်လိုတော့ အချစ်ကိုမယုံရဲတော့ဘူး …

"ဒီဆူးကလေးစူးတာများကွာ" လို့ နင် ငါ့ကို မဟားပါနဲ့
ငါ့နှလုံးသားမှာ ခုထိအနာမကျက်သေးဘူး …
နင်ဟာ ငါ့အတွက် အနူးညံ့ဆုံးသော ဆူးတစ်ချောင်းပါ …
ဒါပေမယ့် ရခဲ့တဲ့ ဒဏ်ရာကတော့ တကယ့်ကို တစ်သက်စာ
…………………………………………………………...............

စိုးသူရ
(17-3-2013)


No comments:

Post a Comment