ပျော်ရွှင်မှုဆိုတဲ့ဝေါဟာရကို
ဒိုင်ယာရီထဲ
ချရေးကြည့်တော့
အဆုံးသတ်စကားလုံးဟာ
အရောင်ဖျော့နေတယ် ...
"ကျွန်မက
နယ်ကလာတာပါ
ရွာမှာအဖေနဲ့အမေပဲကျန်ခဲ့တယ်
မချမ်းသာဘဲနဲ့တော့
ကျွန်မ ဘယ်တော့မှနယ်ကိုမပြန်ဘူး
..."
ရောက်လာတုန်းကတော့
မင်းတစ်ကိုယ်လုံးမှာ
ဆူးတွေအပြည့်နဲ့ပေါ့ ... နှင်းဆီရယ် ...
အရိပ်သုံးပါးနားမလည်ခြင်းဟာ
မြို့ကြီးပြကြီးဆိုတဲ့တောကြီးမျက်မည်းမှာ
အကြီးမားဆုံးအားနည်းချက်ပဲ
...
မင်းထင်းရှူးသေတ္တာထဲက
မှန်ဘောင်သွင်းထားတဲ့
မင့်မိဘနှစ်ပါးရဲ့ပုံရိပ်
ညအိပ်ကာနီးတိုင်းရော
ထုတ်ကြည့်ဖြစ်ရဲ့လား ...
မင်း သူတို့နဲ့စားနေကျ
အာလူးချောင်းကြော်ဟာ
ဆီသန့်ရဲ့လား
... စိုးရိမ်မနေပါနဲ့ ...
သူတို့ရဲ့အထိအတွေ့တွေကရော
သန့်လို့လား ...
ငါတော့ မင်းအစား
လည်ချောင်းယားတယ် ...
သူများမျက်ခုံးမွှေးများပေါ်
စင်္ကြံလျှောက်ချင်သလား ...
အန္တရာယ်များမများ
မသိလိုက်ခင်မှာ
မင့်ခြေလှမ်းတွေ
ဘယ်ညာမှားခဲ့ပြီ ...
အိမ်ပြန်ချိန်နာရီတွေမှာ
မင်းအကြောင်းဟာ
လူပြောအများဆုံးပုံပြင် ...
ယုံချင်ယုံ
မယုံချင်နေ
ငွေကြေးနဲ့
ရမ္မက်ဟာ
မင်းသာယာတယ်လို့ထင်နေတဲ့
ငရဲပန်း
မင်းကတော့
ခုထိ ပန်းပန်လျှက်ပဲ ...
ငါက မင်းကိုတားတော့
မင်းက ငါ့ကိုဟားတယ်
...
"အခုလည်း
ကျွန်မ ရိုးရိုးသားသားရှာစားနေတာပဲ" ...
သမ္မာအာဇီဝ
ဆိုတဲ့ ဝေါဟာရရဲ့
တိကျတဲ့ အနက်အဓိပ္ပါယ်
မင်းနားလည်အောင်
ငါ့ဘယ်လိုရှင်းရပါ့ ...
တစ်ခုတော့
ပြောပါရစေ ... နှင်းဆီ ...
သင်းကြည်တဲ့
မင့်ရနံ့
နူးညံ့တဲ့
မင့်အသွေးအသား
မင်းထားခဲ့တဲ့
ဘ၀သစ္စာ ...
အနှစ်ကိုရှာရင်း
အကာသာတွေ့
ဒီတစ်ကွေ့မှာ
မင်းပျော်လည်း
နောက်ထပ်လှော်မယ့်
နောက်တစ်ကွေ့မှာ
မင်းဘယ်တော့မှ
တက်မကျိုးပါစေနဲ့ ...
ဒါငါ့ရဲ့
ရိုးသားသောဆုတောင်းစကားပါ ...
အစစအရာရာအဆင်ပြေပါစေ
နှင်းဆီ ....
.....................................................
စိုးသူရ
(13-3-2013)
No comments:
Post a Comment