"ယူက
ဘာတွေကြားထားလို့လဲ"
သစ္စာတရားဟာ
မင်းညာဘက်လက်ကောက်ဝတ်မှာထိုးထားတဲ့
I love
you ဆိုတဲ့ တက်တူးစာသားလား ...
"ပူလာပြီကွာ"
UV ပါတဲ့
ခေါက်ထီးအနီရဲရဲလေးကိုဖွင့်
လွင့်နေအောင်ခါလိုက်တဲ့
မင်းဆံနွယ်တွေကြားမှာ
ငါ့အချစ်ဟာ
လူကြိုက်နည်းတဲ့ အပေါစားရှန်ပူရနံ့ ...
"ဒါလည်း
တစ်ကြိမ်မကတော့ဘူးနော်"
ရေခဲစိမ်ဘီယာဘူးလိုလား
...
နည်းနည်းလေးလှုပ်ပြီး
လောင်းထည့်လိုက်ရုံနဲ့
အတွေးတွေက
အမြုပ်တစီစီ ...
"တို့ခုတလော
သိပ်စိတ်မကြည်ဘူး"
ခုံတန်းလေးရဲ့
အစွန်းတစ်ဖက်ဆီမှာထိုင်ပြီး
ကန်ရေပြင်ကြီးကို
ငေးမောကြည့်
ဘာလို့ လူတွေသိမှာ
မင်းဒီလောက်ကြောက်နေရတာလဲ ...
"ယူနဲ့တို့က
ဆန့်ကျင်ဘက်တွေ သိပ်များတာပဲ" ...
မင်းသိပ်ကြိုက်တဲ့
Adele ကိုငါမကြိုက်ဘဲ
ငါသိပ်ကြိုက်တဲ့
ကိုစောညိန်းကို မင်းမကြိုက်ရုံနဲ့
ရင်ခုန်သံနှစ်ခုထပ်တူမကျဘူးတဲ့လား
...
အဲဒါတော့
နည်းနည်းများသွားပြီ ...
"တို့က
ဘ၀အကြောင်း သိပ်မတွေးချင်ဘူး"
တချို့အကြောင်းပြချက်တွေက
ကြောက်စရာကောင်းလောက်အောင်
သိပ်လှတော့
ငါလည်း ထိပ်တိုက်ရင်ဆိုင်ရမှာ
အားလျော့လာတယ် ...
"ပြီးတော့
တို့က ချုပ်ခြယ်တာ သိပ်မုန်းတယ်"
ငါ့အချစ်က
နွယ်ကြိုးတစ်ချောင်းမှမဟုတ်ပဲ..
သံယောဇဉ်ဆိုတာတော့
တည်းတည်းကလေး တို့နှစ်ဦးကြား
"နေဦးလေ
.. ဒါကဘယ်သွားမလို့လဲ"
ထားလိုက်ပါတော့ကွာ
...
နွေရာသီရဲ့
ဆန့်ထွက်လာတဲ့လက်တံများကြား
အပူရောင်လွှမ်းသော
မျက်ဝန်းများထဲ
မင်းဘ၀လေး
အမြဲအေးချမ်းနေရစ်ပေါ့ ...
ပြီးတော့
ငါ့နာမည်ကိုလည်း မေ့လိုက် ...
မနက်ဖြန်တော့
လေနည်းနည်းတိုက်မယ် ထင်တာပဲ ...
.....................................................................
စိုးသူရ
(14-3-2013)
l'm really impressed .
ReplyDeleteYou are the great poet!