မန္တလေးဟာ
ကျွန်တော်သိခဲ့ဖူးတဲ့
အပျိုဖြန်းလေးမဟုတ်တော့ဘူး ...
မိတ်ကပ်ထူထူလူး
ထမီစကပ် ဘလူးဂျင်းစ်နဲ့
ခနဲ့တဲ့တဲ့စကားတွေ
ပြောတတ်နေပြီ ...
နေ၀င်ရီတရောဆို
အလိုတူအလိုပါ
ကိုကိုကာလသားတွေရှေ့မှောက်
ဒူးထောက်အဖျော်ဖြေခံပြီး
ချီးယားစ်သံတွေအောက်မှာ
သူ့အိနြေ္ဒလည်း
ကျပျောက်ခဲ့ပေါ့...
ဈေးချို
နာရီစင်
မင်္ဂလာတံတား
ဘုရားကြီး
အတုမရှိ ရွှေနန်းတော်
ခနော်နီခနော်နဲ့
သိမ်မွေ့မှုနဲ့
ဆေးရောင်စုံအတုတွေဝေဆာရင်း
သက်ပြင်းခဏခဏရှိုက်
မနက်စောစောမှာတောင်
ခေါင်းငိုက်စိုက်နဲ့ ...
နန်းတော်ရှေ့ဆရာတင်ရဲ့
မြို့တော်
ကျွန်တော်တို့ချစ်တဲ့
မြို့မရဲ့ ဇာတိ
ကမ္ဘာသိတဲ့
ရွှေခြေကျင်းရဲ့ရာဇ၀င်
ဂန္ထ၀င် သင်္ကြန်မိုးရဲ့ရင်ခုန်သံ
ပါတော်မူမင်းနှစ်ပါး
နောက်ဆုံးပျော်စံရာအိပ်မက် ...
ခုတော့လည်း
ငွေသံ ကြေးသံတွေနဲ့
အဆိပ်တက်နေပေါ့ ...
ဒါပေမယ့်
... မန္တလေးဟာ
သားသမီးတွေအပေါ်
ဘယ်တော့မှ
အပြစ်ပုံမချတဲ့
မိခင်တစ်ယောက်လို
လောကဓံကိုအန်တု
လူတကာရဲ့
ဥပေက္ခာကိုမမှုဘဲ
ရဲရဲတောက်တောက်
နန်းမြို့ရိုးနဲ့
ကြမ္မာကို
ယိုးမယ်မဖွဲ့ခဲ့ဘူး ...
ကိုယ်ဒူးကိုယ်ချွန်
အလည်လွန်နေတဲ့
ဘီးတွေထဲမှာ
သူဘယ်တော့မှမပါဘူး
....
ခန္ဓာကိုယ်ကို
ရောင်းစားပေမယ့်
အသည်းနှလုံးကို
ဘယ်တော့မှဈေးမကစားဘူး ...
နူးညံ့မှုတွေပျောက်
ခရောင်းလမ်းပေါ်လျှောက်နေပေမယ့်
ချစ်စရာယဉ်ကျေးမှုတွေနဲ့
အရှိန်အ၀ါတောက်ပနေဆဲ ...
သူစိမ်းနဲ့
ဧည့်သည်
ဘယ်သူပဲလာလာ
ပျူငှာဖော်ရွေမှုစစ်စစ်တွေ
ကမ်းလှမ်းရင်း
အိမ်ရှင်ကောင်း
စာရင်းထဲမှာ အမြဲနံပါတ် တစ် ...
အဲဒါတွေကြောင့်
သူ့ကို ကျွန်တော်ချစ်နေတုန်းပဲ
....
.............................................
စိုးသူရ
(၁၀-၂-၂၀၁၃)
No comments:
Post a Comment