Thursday, March 14, 2013

နောက်တစ်နေ့အစီအစဉ်



အချိန်တန်တော့လည်း
ဝေဒနာသီချင်းတေးသွားနဲ့ တိတ်တဆိတ်ပါပဲ….

နောက်လှည့်ကြည့်မှ ဘ၀က အတည့်ဆိုရင်
ဒီခပ်ညံ့ညံ့နှလုံးသားတစ်စုံနဲ့ပဲ
အချစ်ကို ပြောင်းပြန်ကြည့်ပစ်လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်...

မအောင်မြင်ခဲ့သော ရုပ်ရှင်တစ်ကားမှာ
ဘယ်သူ ဇာတ်လိုက်…
ဘယ်သူက လူကြမ်း…
မှတ်တမ်းတင်နေလည်း သိပ်ထူးမှာမဟုတ်တော့….

နောင်တတရား ဆိုတာ
အရာရာပြီးဆုံးမှရတတ်တဲ့ အခါးသီးဆုံးနာကျည်းစိတ်လား…..

မျက်ရည်စက်လက်နာရီများ…
တဆတ်ဆတ်တုန်နေမြဲ လည်တိုင်သွေးကြောစိမ်းစိမ်း….
တိမ်းမူးဖွယ် သနပ်ခါးရနံ့တစ်ရှိုက်….
လေတစ်ဝှေ့တိုက်ရင် ကြွေမလို သူ့ကိုယ်ငွေ့နွေးနွေး….

ပြန်တွေးခံစား ကြည့်လိုက်တိုင်း
မနက်ဖြန်ဟာ မြင်းရိုင်းတစ်ကောင်လို….
ဘာကိုမှ သေသေချာချာ ရေရေရာရာမသိ…

သတိရလွမ်းဆွတ်ခြင်းများနဲ့သာ
တစ်ကိုယ်ရေ တစ်ကာယညများစွာ ကုန်လွန်ခဲ့ရပေါ့….
အချစ်က လူကျင့်ဝတ်တစ်စုံတစ်ရာကို အရှုံးပေးလိုက်ရတဲ့နောက်….။


စိုးသူရ
(၁၈.၆.၂၀၁၁)

No comments:

Post a Comment