Monday, November 11, 2013

အချစ်ကိုစိတ်မနာနိုင်သေးဘူး



ကလေးရေ ...
မင်းက ပြေးနေတာမဟုတ်သလို
ကိုယ်ကလည်း နောက်က လိုက်နေတာမဟုတ်ပါဘူး ...

အချစ်ဆိုတာ
တစ်သက်လုံး ဘယ်တော့မှမခွဲပဲ
နှစ်ယောက်အတူ လက်တွဲပြီးလျှောက်မှ
တစ်နေ့တော့ရောက်ရမယ့်
ဘ၀ခရီးရှည်ထဲက ပန်းတိုင်တစ်ခုပါကွာ ...

နောက်ပြီး ... အချစ်ဆိုတာကလည်း ...
ကျောခိုင်းလိုက်တာနဲ့
အလွယ်တကူမေ့ပစ်လိုက်လို့ရတဲ့
ခပ်ညံ့ညံ့ တွေ့ဆုံခြင်းမှ မဟုတ်ပဲကွယ် ...

တစ်ယောက်ကိုတစ်ယောက်
နွယ်ပင်တွေလို ချည်နှောင်ရစ်ပတ်ပြီးမှ ...
ဒီလိုသံယောဇဉ်တွေကို
ရက်ရက်စက်စက် ခုတ်ဖြတ်လိုက်ရအောင်လည်း
အတွေးထဲတောင် မတွေးရဲခဲ့ပါဘူး ...

အနူးညံ့ဆုံးသော မျှော်လင့်ချက် ...
အကြိမ်ကြိမ်မက်ခဲ့ရတဲ့ အိပ်မက်ချို ...
တစ်ကိုယ်ရည် မိုးလင်းခဲ့ရတဲ့ ညတာရှည်များ ...
တစ်နေ့မှာ မင်းကိုယ့်ကို ထားသွားမလားဆိုတဲ့
ဒီလိုတထိတ်ထိတ်အတွေးနဲ့
ငါတော့ ခုထိ ... အချစ်ကိုစိတ်မနာနိုင်သေးဘူး ...

Soe Thu Ra
(10-11-2013)

2 comments: