သိပ်ချစ်တာပဲကွယ်
လို့ သူကချွဲရင်
ကိုယ်က အယုံသိပ်လွယ်တဲ့
ယုန်ကလေးပေါ့
သူ့အမှားတွေကို
သိရက်နဲ့ နှာစေးနေလိုက်ပြန်ရော …
တကယ်တော့ အချစ်မှာ
အားနာတတ်တဲ့သူက
ရှုံးတာပဲ …
ကိုယ့်နှစ်ဆယ့်လေးနာရီဟာ
သူ့အတွက်
အမြဲတမ်းနှိုးစက်ပေးထားတဲ့
သံပတ်နာရီ …
သူနာကျင်စရာ
ကြုံလာပြီဆိုရင်
ကိုယ်ဟာ သူ့ကိုကြင်နာတဲ့
အလိုက်တသိပုခုံးတစ်ဖက် …
သူစိတ်ပျက်အားငယ်တဲ့အခါ
ကိုယ့်ရင်ခွင်ဟာ
သူတစ်ယောက်ထဲပိုင်ဆိုင်တဲ့ ကမ္ဘာ …
သူတစ်ခုခု ပေါက်ကွဲခံစားတဲ့အခါ
ကိုယ့်နှစ်ဆယ့်လေးနာရီဟာ
သူရှာဖွေနေတဲ့
ထွက်ပေါက်တစ်ခု …
တယုတယ ဒီလိုအတွေးနဲ့
ကိုယ့်အသွေးအသားတွေဟာ
သူ့စိတ်နဲ့ ပုံမှန်လည်ပတ်လို့ ...
ဒီလို တစ်ဖက်သတ်အရှုံးနဲ့
ခပ်ညံ့ညံ့ဇာတ်လမ်းမှာ
အချစ်ဟာ ကိုယ့်အတွက်တော့
အမြဲတမ်း နှစ်ကိုယ့်တစ်စိတ် ….
……………………………………………………………….
စိုးသူရ
(8-6-2013)
No comments:
Post a Comment