ဒီလိုပါပဲ
အထူးတလည်မျက်ရည်ဝဲနေစရာမလို …
လက်ပြနှုတ်ဆက်စရာမလို …
ခွဲခွာခါနီး အနမ်းတွေမလို …
အမှတ်တရလက်ဆောင်လှလှလေးတွေမလို ..
တို့တွေ အလိုလိုဝေးကွာသွားခဲ့တာ …
မတူညီတဲ့ ကမ္ဘာငယ်လေးတစ်ခုစီနဲ့ ..
မညီညာတဲ့ အနိမ့်အမြင့်တွေကိုယ်စီနဲ့ …
အသံမမြည်တော့တဲ့ ဖုန်းခေါ်သံတွေနဲ့ …
ခြေရာခံလို့မရတော့တဲ့ အရင်က လမ်းမတွေထက်မှာ
တကယ့်အပြင်လောကဟာ
တို့တွေထင်သလောက် ကဗျာမဆန်ခဲ့ဘူး …
နူးညံ့မယ်ထင်တဲ့ အရာတွေလည်း
လေစိမ်းတွေတိုက်ပြီး မာကျောလာခဲ့ …
သံယောဇဉ်ရဲ့ အတိမ်အနက်မှာ
တို့တွေ ခြေကုန်လက်ပန်းကျခဲ့ကြတာတော့ဆိုးတယ် …
ပြီးစလွယ် မဟုတ်ပေမယ့်
ကိုယ့်အတ္တရဲ့ ဦးစားပေးမှုနောက်မှာ
ကတိသစ္စာတွေဆိုတာလည်း ဖရိုဖရဲ …
အတိတ်ကို ပြန်ပြီးစာလုံးပေါင်းကြည့်ရင်လည်း
အမှတ်တရ ဓာတ်ပုံလေးတွေပဲ အသက်ရှင်နေသလိုလို …
ဘယ်လိုပဲဖြစ်ဖြစ်
တစ်ယောက်ကို တစ်ယောက်အပြစ်ဆိုနေမယ့်အစား
သူငယ်ချင်းဆိုတဲ့ စကားလုံးရဲ့ အနှစ်သာရကို
တို့တွေ တခါလောက်ဖြစ်ဖြစ် အတူတူရှာကြည့်ကြရအောင်
တို့အလင်းရောင်တွေ အမှောင်မကျခင်လေးပေါ့ …
ဒါပေမယ့် နည်းနည်းတော့ စိုးရိမ်မိသား
တို့တွေအရင်လိုပဲ .. အင်း … အရင်လိုပဲ ရှိနေကြပါ့မလား …
……………………………………………………………............
စိုးသူရ
(3-4-2013)
No comments:
Post a Comment