Thursday, March 14, 2013

ငယ်ငယ်တုန်းကသူငယ်ချင်း အရမ်းချစ်ဖို့ကောင်းတယ်


မှတ်မိသေးရဲ့လား
မိုးရွာတဲ့နေ့တွေဆိုရင်
ကျူရှင်အပြန်လမ်းကြားထဲ
ငါ့ကိုတစ်ယောက်ထဲထားပြီး
မိုးရွာကြီးထဲမင်းထွက်ပြေးပြီး ဆော့တတ်တာ ...

သတိရသေးရဲ့လား
မင်းပေးခဲ့တဲ့ ၁၉၉၅ ခုနှစ်ထုတ်
ပန်းရိုးမဒိုင်ယာရီစာအုပ်နောက်မှာ
သိပ်ချစ်တာသူသိပါကွယ် ... ဆိုတဲ့သီချင်းစာသားတွေ
ငါမသိအောင် မင်းတိတ်တိတ်ခလေးရေးပေးခဲ့တာ ...

တမ်းတမိသေးရဲ့လား
ငါနေမကောင်းလို့ဖျားတဲ့အခါ
ဆရာဝန်ပုံစံအပြည့်ဖမ်းပြီး
ငါ့လက်ကောက်ဝတ်ကို အသာစမ်း
ငါ့နဖူးကို အသာအယာနမ်းခဲ့တာ ...

မေ့နေပြီလား ...
သင်္ကြန်အတက်နေ့ညနေရောက်တိုင်း
ဆိုင်းမဆင့် ဗုံမဆင့်
ငါ့အခန်းတံခါးကိုတွန်းဖွင့်ပြီး
ရေဖလားအကြီးကြီးနဲ့
ခေါင်းကနေစပြီး လောင်းချခဲ့တာ ...

အဆင်ပြေရဲ့လား
တို့နှစ်ယောက်အတူသွားကြည့်ဖူးတဲ့
ဂျိမ်းစ်ဘွန်းဇာတ်ကားလိုပေါ့ကွာ
Tomorrow Never Die
မင်္ဂလာဒုံဘက်ရောက်တိုင်း
မင်းမျက်လုံး ၀ိုင်းဝိုင်းလေးတွေကို သတိရမိတယ် ...
...................................................................

စိုးသူရ
(27-2-2013)

No comments:

Post a Comment