Thursday, March 14, 2013

အလင်းငတ်နေ့ရက်များ


မန္တလေးနဲ့ ရန်ကုန်
လုံခြုံအေးချမ်းရုံနဲ့
တစ်တိုင်းပြည်လုံး စိတ်မချမ်းသာဘူး ..

နေပြည်တော်နဲ့ ပျဉ်းမနား
၂၄ နာရီမီးပေးထားရုံနဲ့
တစ်နိုင်ငံလုံး လင်းနေတာ မဟုတ်ဘူး ....

သူတို့တွေ မျက်ရည်နဲ့ မိုးလင်းချိန်မှာ
ကျွန်တော်တို့ဖွင့်နေတဲ့ ချမ်းမြေ့ပါစေ တေးသွား
ခနလောက်တော့ ပိတ်ထားပါရစေ ....

သူတို့တွေ အမှောင်ထဲ ဆာလောင်နေချိန်
ကျွန်တော်တို့ အိမ်က Mircowave မီးဖို
မျက်ရည်တွေနဲ့ စိုစွတ်နေမလား ...

စားပွဲပေါ်မှာပဲ ညှိနှိုင်း ညှိနှိုင်း ...
စားပွဲအောက်မှာပဲ ဆွေးနွေး ဆွေးနွေး ...
နောက်ထပ်သွေးတွေ မြေမကျဖို့ အရေးကြီးတယ် ...

မိသားစုဝင်အချင်းချင်း
နွေးထွေးရိုင်းပင်းရမယ့်အစား
တစ်ယောက်ကို တစ်ယောက် အာဃတထားနေရင်း
အဆိုးရွားဆုံး အမာရွတ်တွေရခဲ့ကြ ...

ကတိက၀တ်တွေက သတ်သတ်
လုပ်ရပ်တွေက တခြားစီ ...
ဒီလိုနဲ့ ကျွန်တော်တို့ မြန်မာပြည်ကြီး
အိမ်တွင်းမီးထဲ တငွေ့ငွေ့လောင် ...
ကျွန်တော်တို့ အားလုံးဟာ သားကောင်တွေပါပဲ ...

ကဲ ...
ဘယ်သူက အမှန် ... ဘယ်သူက အမှား
ခုတော့ ဘာမှ အငြင်းပွားနေစရာမလို ...
သမိုင်းက သူ့အလိုလိုဆုံးဖြတ်ပေးပါလိမ့်မယ် ...
..............................................................

စိုးသူရ
(၂၁-၁-၂၀၁၂)

No comments:

Post a Comment