Thursday, March 14, 2013

အချစ်က ဘယ်တော့မှ မမူးဘူး



ကြင်နာတဲ့အကြည့်ဟာ
မင်းခွက်ထဲက သုံပုရာခြမ်းလိုပဲ
မင်းမျက်ဝန်းထဲမှာ ပေါလောပေါ်လို့
ငါ့စိတ်ကို ချဉ်အောင်မလုပ်ပါနဲ့ ...

စိတ်ကြိုက်လုပ်လေ ...
ဘာတွေ တွေဝေနေလဲ
ဒါကို မင်းပဲစခဲ့တာ...
ဘာတဲ့ ... ကိုကိုနဲ့ပဲတွဲကလိုက်ချင်တယ်?
ဆောရီး ငါ့ဘယ်ဘက်ရင်အုံမှာ
သွေးခုန်နှုန်းမရှိတော့တာကြာပြီ ...

လက်ပတ်နာရီကို ကြည့်မနေနဲ့
နောက်ကျခဲ့တဲ့ အိမ်ပြန်ချိန်တွေများခဲ့ပြီပဲ ...
ရေခဲဘူးထဲက ရေခဲတွေ အားလုံးအရည်ပျော်တဲ့အခါ
တို့အတူတူပြန်ကြတာပေါ့ ...

ခုတော့လည်း
ငါက မင်းရင်ခွင်ထဲရောက်လို့
စားပွဲအောက်မှာ အခွံတွေများများလာပြီ ...
မင်းလက်သည်းနီနီလေးတွေနဲ့
ငါ့ဘ၀ကို ဖဲ့ချင်ဖဲ့ပါ ..
ငါ့အချစ်ကိုတော့ ချမ်းသာပေး ...

ညီမလေးကိုမမေ့နဲ့နော် တဲ့ ...
အလဲ့ .. တယ်ဟုတ်ပါလား ...
ခုမှ သတိရသွားတယ်
မြန်မာဗီဒီယိုကားတွေ မကြည့်ဖြစ်တာကြာပြီပဲ ...

ကဲ ... မီးရောင်စုံကိုမှိတ်
အသက်ရှူသံတွေ တိုးတိတ်သွားချိန်
စိန်ခေါ်သံတွေ မင်းဆံနွယ်တွေကြားမှာဖူးပွင့်
အပြင်ဘက်ကို နားတစ်ချက်အစွင့်မှာ
ညဟာ ရင့်သထက်ရင့်လာပြီ ...
...........................................

စိုးသူရ
(1-3-2013)

No comments:

Post a Comment