Thursday, March 14, 2013

စိတ် စိတ်ပါကွယ်

နားထောင်မိရုံသက်သက်နဲ့
တချို့အဖြစ်အပျက်တွေဟာ
မယုံကြည်နိုင်စရာကောင်းလောက်အောင်
ခမ်းနားကြီးကျယ်သွားတယ်…
တချို့အဖြစ်အပျက်တွေကျ
ထင်သလို ဘာမှဖြစ်မလာဘူး…

ကြည့်မိလိုက်ရုံနဲ့
တချို့မြင်ကွင်းတွေက
တမျှော်တခေါ် တနံတလျား
စိမ်းလန်းစိုပြည်သွားတယ်…
တချို့မြင်ကွင်းတွေကျတော့
မျက်တောင်တစ်ခတ်မှာတင်
လုံးဝ အမှောင်ကျခဲ့…

မြည်းစမ်းကြည့်လိုက်ရုံနဲ့
တချို့အာဟာရတွေက
နှလုံးသားအတွက်ခွန်အားဖြစ်စေရဲ့ ...
တချို့အာဟာရတွေကတော့
အကြိမ်ကြိမ်အခါခါစားသုံးလည်း
အားအင်အသစ်ကို မဖြည့်ဆည်းနိုင် ...

ထိတွေ့မိလိုက်ရုံနဲ့
တချို့အရာဝတ္ထုတွေက
တစ်သက်စာ နူးညံ့မှုကိုပေးရဲ့…
တချို့အရာဝတ္ထုတွေကတော့
အထပ်ထပ်ဆေးကြောလည်း
ညစ်နွမ်းမှုက မပြီးဆုံးနိုင်…

ခံစားမိလိုက်ရုံနဲ့
တချို့အကြောင်းအရာတွေက
အစီအစဉ်တကျ
ချိုမြိန်သာယာလွန်းရဲ့…
တချို့အကြောင်းအရာတွေကတော့
နှလုံးသားကို (ရိုးရှင်းစွာ)
နာကျင်မိန်းမောစေခဲ့ပါတယ်….။
...........................................

စိုးသူရ

No comments:

Post a Comment