Thursday, March 14, 2013

အနက်ရောင်ယဉ်ကျေးမှု



တွေ့ရှိခဲ့တယ်..
အမည်မဖော်လိုသော အခန်းဆက်အကြောင်းအရာများ...

ဘ၀ဟာ မျက်စေ့ကို ပုဝါပါး စည်းထားတဲ့
ခပ်ညံ့ညံ့ လက်ဖြောင့်တပ်သားပဲ...
အစစ အရာရာ ရှုမြင်မကောင်းလောက်အောင်လွဲချော်ခဲ့တယ်...

သွားခဲ့တဲ့ လမ်းတစ်လျှောက်မှာ
စွဲစွဲလမ်းလမ်း ဖြစ်ခဲ့တာတွေအားလုံးကို
နူးညံ့စွာ သဂြိုဟ်ပစ်လိုက်ပြီ...

သောက်ခဲ့သော ကော်ဖီရောင်နံနက်ခင်းများလည်း
ဘယ်လိုမှ မပူနွေးနိုင်တော့ဘူး...
အရပ်ရှစ်မျက်နှာဟာ ၀င်ရိုးစွန်းချည်းပဲ...

ဆောက်ခဲ့သော ကမ်းစပ်က အနီရောင်ရဲတိုက်များလည်း
မျှော်လင့်မထားသော လှိုင်းတစ်ချက်အရိုက်မှာ
ရစရာမရှိအောင် ကြေမွခဲ့...
လောကဓံဟာ လက်သည်းဝှက်ထားတဲ့ တောကြောင်ပဲ...

ပြီးခဲ့သော ကြည်နူးဖွယ်နောက်ဆုံးသီချင်းနဲ့
အလှည့်ကျ တင်ဆက်ကပြမှုမှာ
ရွေးချယ်ခဲ့သော ဒီဇာတ်လမ်းပါပဲ..
အချစ်ကလည်း ၀မ်းနည်းစရာ...
...........................................
 

 
စိုးသူရ

No comments:

Post a Comment