မိသားစုဆိုတာ
အညှာလွယ်တဲ့
ပန်းကလေးမဟုတ်ဘူး ဖေဖေ ...
လေရူးတစ်ချက်တိုက်ရုံနဲ့
ရင်ခုန်သံတစ်ချက်လျော့ပြီး
မေမေ့ကို
မေ့ပစ်လိုက်တာတော့
သိပ်သဘာဝမကျဘူးထင်တယ်
...
တနယ်တကျေးဆိုတာ
အကွာအဝေးပညတ်ချက်တစ်ခုတဲ့လား
...
ဒါဆို ဖေဖေဘာလို့
...
သားတို့ အဝေးမှာပဲ
နေခဲ့ချင်ရတာလဲ ...
ငရဲ ဆိုတာ
သေမှ ကျတာမဟုတ်ဘူး ဖေဖေရဲ့ ...
ရှင်လျက်နဲ့
ခွဲနေရတာလဲ လူဘ၀ရဲ့ ငရဲပါပဲ ...
ဖေဖေပဲ ပြောဖူးတယ်
...
ဘာကိုမှ လွယ်လွယ်နဲ့
အရှုံးမပေးရဘူးဆို ...
ဖေဖေပဲ ဆုံးမဖူးတယ်
..
အမှားထဲက
သင်ခန်းစာယူတတ်ရမယ်ဆို ...
ဖေဖေပဲ နှစ်သိမ့်ဖူးတယ်
...
ဘယ်အရာမှ
ထာဝရမတည်မြဲဘူးဆို ...
ဒါဆို ဖေဖေဘယ်တော့
ဒီကိုပြန်လာမှာလဲဟင်...
သားတို့ လွယ်လွယ်နဲ့
မျှော်လင့်ချက်မကုန်ချင်ဘူး ...
ဖေဖေ့အမှားတွေထဲကနေလည်း
သင်ခန်းစာယူတတ်ခဲ့ပြီ ...
ထာဝရမတည်မြဲတဲ့
အရာတွေထဲမှာ
အဖေတစ်ယောက်ရဲ့
ကတိစကားတွေလည်းပါတယ်ဆိုတာ ...
ရင်နာနာနဲ့
လက်ခံလိုက်ရပေါ့ ...
ထမင်းဝိုင်းမှာ
ဦးချရမယ့်ပန်းကန်တစ်ပန်းကန်လျော့သွားတာ
မေမေ့မှာ
တာဝန်မရှိဘူးထင်ပါတယ် ...
အိမ်ဦးနတ်ဆိုတာ
...
အိမ်ဦးမှာတော့
နေတတ်ရမှာပေါ့နော် ...
သားတို့ မေတ္တာငတ်တာထက်
မေမေက အချစ်ပိုငတ်ပါတယ်
...
ဒီတော့ ဖေဖေရယ်
...
မိသားစု ဆိုတာ
အရင်ဘ၀က မှားခဲ့တဲ့တောင်းဆုတစ်ခုဆိုရင်
ဒီဘ၀တင်ပဲ
ထပ်ဆုတောင်းပါရစေ ...
သားတို့ချစ်တဲ့ဖေဖေတစ်ယောက်
နောက်အိမ်ထောင်
နောက်အချစ်တွေမှာ
တာဝန်ကျေတဲ့
ဖေဖေအဖြစ် ...
မေမေ့အပြင်
နောက်တစ်ယောက်ကို
မေမေ့လိုမဟုတ်ပဲ
အမြဲချစ်နိုင်ပါစေ ...
ပြီးတော့
ဖေဖေ အမြဲပျော်နိုင်ပါစေနော် ..
...................................................
(ညီလေး နေလင်းအောင်
အတွက် အမှတ်တရ ရေးဖွဲ့ပါသည်)
.............................................................................
စိုးသူရ
(29-1-2013)
No comments:
Post a Comment