လှည့်ထွက်ပြီး
ကျောခိုင်းလိုက်ရုံနဲ့
ဒီဘ၀မှာ နောက်ထပ်ပြန်မဆုံနိုင်တော့ဘူးလား
...
ဒီစကားကို
ပြောနေရင်းလည်း
မင်းအလှမပျက်အောင်ပြုံးနေနိုင်တာပဲနော်
...
နည်းနည်းတော့
အလျော်အစားများတယ် ဒီအချစ်က ...
ခေါင်းစဉ်တပ်ထားတာကတော့
သိပ်လှတယ် ...
ဆွေးနွေးညှိနှိုင်းနေကြဖို့မလိုပါဘူး
...
ဇာတ်သိမ်းကို
တို့နှစ်ဦးလုံးကြိုဖတ်ပြီးသားပဲ
မှန်းထားတာထက်
နည်းနည်းလေးပဲ စောနေခဲ့တာ ...
မနက်ဖြန်ဆို
မင်းလည်း ငါဆိုတဲ့သူစိမ်းတစ်ယောက်ကို သတိရတော့မှာမဟုတ်သလို
ငါကလည်း မင်းနံပါတ်ကို
နောက်ဆုံးစာရင်းထဲထည့်လိုက်ရုံ ...
ရင်ခုန်သံလို့
နာမည်တပ်ထားတဲ့ ထီးတစ်လက်အောက်မှာ
တို့နှစ်ယောက်ရဲ့
နေ၀င်ညနေတွေပျောက်သွားမှာတော့ တမျိုးပဲ ...
ဘာလို့ဒီလောက်
လွယ်ကူရတာလဲ ...
မေ့ပစ်လိုက်ဖို့
... ကျောခိုင်းလိုက်ဖို့
နောက်ပြီး
အားရပါးရရယ်မောပစ်လိုက်ဖို့ ...
အင်း
.... မျက်ရည်လေး နည်းနည်းပါးပါးစို့ချင်စို့မယ် ...
တစ်ပတ် နှစ်ပတ်လောက်
လက်ဖ၀ါးတစ်ဖက် ဟာချင်ဟာနေမယ် ...
အသည်းကွဲကဗျာနှစ်ပုဒ်
သုံးပုဒ်လောက်ရေးဖြစ်ချင်ရေးဖြစ်မယ် ...
နောက်ထပ်
အချစ်ကို မတွေ့ခင်အထိပေါ့ ..
ဒါပေမယ့်
သေချာတာကတော့ တစ်ခုထဲ ...
အိမ်ပြန်ချိန်တွေ
နည်းနည်းပိုစောသွားမယ် ...
မင်းသိရင်တော့
ငါ့ကိုရယ်ဦးမလားပဲ
...............................................
စိုးသူရ
(22-3-2-2013)
No comments:
Post a Comment