လက်တစ်ချက်ပြလိုက်ရုံနဲ့ …
ခေါင်းတစ်ချက်ငုံ့လိုက်ရုံနဲ့
မျက်တောင်တစ်ချက်ခတ်လိုက်ရုံနဲ့
ဒီဇာတ်လမ်းဟာ
သံပတ်ကုန်သွားပြီတဲ့လား …
အရင်လို မျက်ဝန်းလေးတွေ
မရီနိုင်တော့ …
အရင်လို အပြုံးလေးတွေ
မပီသနိုင်တော့ …
အရင်လို နှုတ်ခမ်းလေးတွေ
မချိုမြနိုင်တော့ …
အလိုလိုဖျော့ကျသွားတဲ့
မျှော်လင့်ချက်မှာ
မနက်ဖြန်ဆိုတာ
…
အမှောင်ထုထဲမှာ
တိတ်တဆိတ် …
သိပ်ချစ်တယ်
ဆိုတဲ့ စကားသံ တိုးလျသွားချိန်မှာ
ထာဝရဆိုတဲ့
ကတိစကားရဲ့ ပြောင်းလဲခြင်းမှာ
တစ်သက်စာဆိုတဲ့
ဝေါဟာရရဲ့ အဆုံးသတ်မှာ
ဒီလိုပဲ မတ်တပ်ရပ်ရင်း
ကျောခိုင်းလိုက်ရတော့မှာလား …
ေ၀၀ါးလာတဲ့
ရှေ့တူရူဆီ အကြည့်တစ်ချက်မှာ
စည်းချက်မမှန်တဲ့
ဝင်သက်ထွက်သက်ဟာ
သိသိသာသာကို
တုန်ခါလို့
“မမြင်တာ
မဆုံတာ ကြာပေမယ့် … ရင်မှာ အမြဲတမ်းမင်းရှိတယ် …”
တကယ်ပဲ အမြဲတမ်းတဲ့လား
ဇွတ်မှတ်ပြီး
ယုံစားလိုက်ပါရစေ …
တခါတလေတော့လည်း
ဦးနှောက်ထဲက
ဆင်ခြင်တုံတရားကို
ငြင်းဆန်ပစ်လိုက်ဖို့
သတ္တိရှိရမယ်မဟုတ်လား …
ငါ့ခြေလှမ်းတွေကို
တားထားတဲ့
မင်းရဲ့ အကြည့်တွေထဲ
ငါ့ဘ၀ကို
အသာအယာပြိုလဲခွင့်ပြုပါ …
အရာရာအားလုံး
နောက်ကျမသွားခင်လေး …
ပြီးတော့
ငါ့မျက်ဝန်းတွေ မှေးစက်မသွားခင်လေး …
ဟိုသီချင်းစာသားလိုပေါ့ဟာ
…
နင်ငါ့ကို
ဖြည်းဖြည်းလေးပဲ သတ်လိုက်စမ်းပါ ……
………………………………………….………….........
စိုးသူရ
(21-4-2013)
No comments:
Post a Comment